စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, August 25, 2013

ကျွန်တော်နှင့် မ-၁၆

            မိဘတိုင်းကတော့ ရင်သွေးလေးတွေ ရလာရင် အကောင်းဆုံး ဖြစ်ချင်ကြတာ။  ကျောင်းထားချိန်ဆိုရင် ဘယ်လိုကျောင်းကမှ နာမည်ကြီးတာ၊ အသင်အပြကောင်းတာ၊  ဂုဏ်ရှိတာ စသည်အားဖြင့်ပေါ့။  ကျွန်တော် မူလတန်းတန်း တက်ခဲ့တဲ့ ကျောင်းကလေးက ပုသိမ်မှာ။  ပုသိမ်မှာမွေးပြီး၊ ပုသိမ်မှာ ကြီးတဲ့ ကျွန်တော် ပုသိမ်မှာ မူလတန်းတက်ခဲ့တာ ဘာဆန်းမှာတုန်း။  အဲ… ဆန်းတာက ကျွန်တော်တက်ခဲ့တဲ့ ကျောင်းကလေး။  အ.မ.က ၁၆ တဲ့။ 
            အိမ်နားက မိဘတွေကတော့ သူတို့ လက်လမ်းမီသမျှ တတ်နိုင်တဲ့ ကျောင်းလေးတွေမှာ သား၊ သမီးတွေကို ထားကြတယ်။  ကျွန်တော် အမေကတော့ ဘယ်လိုသဘောထားတယ်မသိဘူး။  ကျွန်တော့်ကို အဲ့ဒီ အ.မ.က ၁၆ ဆိုတဲ့ ကျောင်းကလေးမှာ သွားထားတာပဲ။  အိမ်နဲ့ တစ်လမ်းထဲ.. ကျွန်တော်နေတဲ့ လမ်းနာမည်က အောင်သုခလမ်းတဲ့။  အောင်သုခလမ်းဆိုပြောရဦးမယ်။  အောင်သုခလမ်းကို နှစ်ပိုင်းခွဲလို့ရတယ်။  အလယ်မှာက ချောင်းကလေးရှိတယ် အဲ့ဒီချောင်းကလေးပေါ်မှာ တံတားလေးထိုးထားတယ်။  တံတား ဟိုဘက်ခြမ်းကတော့ ကျွန်တော်တို့အိမ်၊  တံတား ဒီဘက်ခြမ်းကတော့ အမက ၁၆ ရှိတဲ့ အခြမ်းပေါ့လေ။  ကျွန်တော်တို့ဘက်ကလမ်းကိုတော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ အောင်ဒုက္ခလမ်းလို့ခေါ်တယ်။  ဟိုဖက်ကိုတော့ အောင်သုခလမ်းလို့ခေါ်တယ်။  ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ငယ်ငယ်တုန်းက စည်ပင်ကလမ်းချဲ့မယ်ဆိုပြီး ခြံစည်းရိုးနောက်ကို ၅ ပေဆုတ်ဆိုပြီး ဗိုလ်ချုပ်ကြီး တစ်ယောက်ရဲ့ အမိန့်နဲ့ ဆုတ်ပေးလိုက်ရတာ အိမ်ရှေ့က မရမ်းပင်ကြီး ၃ ပင် ပါသွားရောလား။  အဲ့ဒါက လမ်း တစ်ဖက်ထဲဗျ။  ကျွန်တော်တို့ အောင်သုခလမ်းရဲ့ တံတားကနေ ကျွန်တော်တို့ဖက် တစ်ခြမ်းထဲ။  ဟိုဖက်ခြမ်းကျတော့ မဆုတ်ရဘူး။  ဟိုဖက်ခြမ်းကျတော့ ထိလို့မရလို့ စည်ပင်က နှာစေးသွားလား မသိပါဘူး။  အဲ့ဒီကနေ အောင်သုခနဲ့ အောင်ဒုက္ခဆိုပြီး ဖြစ်သွားတာပဲ။ 
            ခြံပဲ့ပါသွားတာနဲ့ ပြီးတာမဟုတ်ဘူး။  အရင်တုန်းက အခိုင်အခန့်ဆောက်ထားတဲ့ ခြံစည်းရိုး အုတ်တံတိုင်းကို ဖြိုရတယ်။  ပြီးတော့ ကိုယ့်အုတ်တံတိုင်း ကိုယ်ပြန်ခတ်လို့က မရသေးဘူး။  စည်ပင်ရဲ့ စံချိန်စံညွှန်းမီ ဆောက်ရမယ်ဆိုပြီး လိုက်ဆောက်လိုက်တာ မိုးတွင်းကျတော့ အုတ်တံတိုင်း တစ်ခြမ်း ပြိုပါလေရောလား။  အဲ့ဒါ ပြန်ပြင်ရသေးတယ်။  ခုအိမ်ပြန်ရင်တော့ ခြံထဲမှာအရင်အုတ်တံတိုင်းဖြိုတုန်းက ကျန်ခဲ့တဲ့ အုတ်တွေက နှစ်တွေသာကြာတယ် ဒီအတိုင်းပဲ ခိုင်တုန်း။ အုတ်တံတိုင်းနဲ့တင်ပြီးတာမဟုတ်ဘူး၊  မြောင်းတူး၊ မြောင်းလုပ်ဆိုပြီး ပိုက်ဆံပါ အဆစ်ပါ ထည့်လိုက်ရသေးတယ်။  ပြီးတော့ ချဲ့မယ်ဆိုတဲ့ လမ်းကလည်း တစ်နှစ်တစ်ခါ မိုးတွင်းပြီးရင် အိမ်ရှေ့ကလမ်းမှာ ပေါက်နေတဲ့ မြက်တွေသာ လိုက်ရှင်းရတယ်  ကတ္တရာက ချဲ့လိုက်တဲ့ နေရာကို ဘယ်တော့မှ ရောက်မလာဘူး။  ကတ္တရာရောက်ဖို့နေနေသာသာ၊  အရင်တုန်းက ရှိခဲ့တဲ့ ဓာတ်တိုင်တွေကလည်း အရင်နေရာမှာ ခုထိရှိတုန်းပဲ။  ဆိုတော့ ဘယ်လို စီမံကိန်းကြီးကို အကောင်အထည်ဖော်ခဲ့လည်းတော့ အကျွန်လည်း မလျှောက်တတ်။  ပါသွားတဲ့ မရမ်းပင်သုံးပင်မှာ တစ်ပင်က အချိုသီး၊  နှစ်ပင်က ချိုချဉ်၊  ခုထိ မရမ်းပင်ပေါ်တက်ပြီး မရမ်းသီးမခူးရတော့လို့ အစာတော့သိပ်ကြေတာတော့ မဟုတ်ဘူး။

အဲဒီတော့ မူလတန်းကျောင်းကလေးကို အိမ်ကနေ လမ်းလျှောက်သွားရင် ၅ မိနစ်ပေါ့။  ဒီတော့ ဝေးဝေးလံလံ မဟုတ်ဘူး။  အမေကတော့ ကျွန်တော့်ကို အဲ့ဒီကျောင်းမှာထားရင် ဝေးဝေးလံလံ မဟုတ်တော့ ကျွန်တော့်ကို Control လုပ်ရတာ လွယ်တယ်လို့ ယူဆလိုက်လို့ထင်ပါတယ်။  ဒီလိုနဲ့ ကျွန်တော် သူငယ်တန်းကနေ လေးတန်းအထိ အဲ့ဒီကျောင်းကလေးမှာပဲ နေခဲ့တာ။
            ကျောင်းလေးက Foundation ကတော့ အုတ်နဲ့ ဆောက်ထားတာ။  သွပ်မိုးလေး။  ဒါပေမယ့် ဘေးနံရံတွေက တော့ ထရံကာပေါ့။  အုတ်နဲ့ ပနက်ရိုက်ထားပေမယ့် အထဲမှာ ဘိလပ်မြေမနိုင်တော့ မြေပဲဖို့ထားတယ်။  သူငယ်တန်းကနေစပြီးတော့ ၄ တန်းအထိဆိုတော့ ကျောင်းမှာက တစ်နှစ်အတွက် တစ်ခန်းနဲ့ တွက်လိုက်ရင် ၅ ခန်း၊ ပြီးတော့ ဆရာ၊ဆရာမ နားနေခန်းက တစ်ခန်း၊  ကျောင်းအုပ်ဆရာမကြီး အခန်းက တစ်ခန်း ပေါင်း ရင် အားလုံးပေါင်း ၇ ခန်းလောက်ရှိမယ်ထင်တယ်။  F ပုံစံကို Mirror ထောင်ပြီးကြည့်လိုက်။  F ရဲ့ ခေါင်းထိပ်ဖက်ခြမ်းက စတုထ္တခန်း၊  F အလည်က တုတ်ချောင်းလေးနေရာမှာက ကျောင်းအုပ်ဆရာမကြီး ရုံးခန်း၊  ပြီးရင် သူငယ်တန်း ကနေပြီးတော့ တတိယတန်းအထိက F ရဲ့ အူလည်လမ်းကြောင်းတစ်လျှောက်ပေါ့။  ပြောရရင် ဒါအကုန်ပဲ။  အဲ့ဒါက ကျွန်တော် မူလတန်းတက်ခဲ့တဲ့ ကျောင်းကလေး။  အခန်းတစ်ခုနဲ့ကြားထဲမှာလည်း ထရံကာထားတယ်။  အဲ့ဒီတော့ ဒီဘက်က ည ညအခါ လသာသာ ဆိုရင် ဟိုဘက်မှာ ၁ တစ်လီ ၁ ဆူညံနေတာပေါ့။ 
            ဆရာ၊ ဆရာမ ကလည်း သိပ်များလှတယ်မဟုတ်ပါဘူး။  အဲ့ဒီကျောင်းလေးနောက်ဖက်မှာက ကျွန်တော်တို့အခေါ် ဒိုဘီချောင်လို့ ခေါ်တဲ့ ရပ်ကွက်ရှိတယ်။  အဲ့ဒီမှာ ဟိန္ဒူတွေရော၊ မွတ်စလင်တွေရော ရောပြီးနေကြတာပဲ။  ဗလီလဲရှိတယ်၊  ဟိန္ဒူဘုရားကျောင်းလဲရှိတယ်။  အင်္ဂလိပ်လက်ထက်ကထည်းက ကျန်ခဲ့တဲ့ လူတွေအဲ့ဒီမှာ စုနေကြတယ်နဲ့ တူပါတယ်။  ကျွန်တော် ကျောင်းတက်တဲ့အချိန်အထိ အဲ့ဒီ ရပ်ကွက်ထဲမှာ ဒိုဘီတွေ ဘာတွေ လျှော်တဲ့ အလုပ်လုပ်နေတဲ မိသားစုတွေရှိသေး။  ကျောင်းလေးဘေးမှာက ရေကန်တစ်ခုရှိသဗျ။  နွေဆို မီးရေး ထင်းရေး အဲ့ဒီ ကန်ကိုပဲ အားကိုးနေရတာ။  အဲ့ဒီကန်နာမည်က ဒိုဘီကန်တဲ့။  အဲ့ဒီမှာပဲ အ၀တ်လျှော်၊  စားရေးသောက်ရေး ဖြေရှင်းကြတဲ့ လူတွေရှိသပေါ့။ 
            ဆိုတော့ အ.မ.က ၁၆ မှာ တက်တဲ့ ကလေးတွေဟာ လက်လုပ်လက်စားမိသားစုက ကလေးတွေ များပါတယ်။  အဲ.. ကျွန်တော့်မိသားစုက ချမ်းသာလို့လားဆိုတော့ မချမ်းသာပါဘူး။  လူလတ်တန်းစားတွေပဲ။  အမေက တစ်ယောက်ထဲ ရုန်းကန်ပြီး ဆေးခန်းထိုင်တော့မှ လူတန်းစေ့ နေနိုင်ယုံလောက်ရှိတာ။  ကျွန်တော် သူငယ်တန်းရောက်တော့ ၁၉၉၀ ပေါ့။  အဲ့ဒီအချိန် ယုံမလားတော့မသိဘူး။  ငါးမူးစေ့ သုံးလို့ရသေးသဗျား။  ဘယ်မှာ သုံးလို့ရလဲဆိုတော့ အ.မ.က ၁၆ မှာပေါ့။  ဘာသုံးလို့ရလဲဆိုတော့ ဆန်ကြာဆံကြော် ငါးမူးဖိုး စားလို့ရတယ်။  ပြီးရင် ထန်းလျှက်နဲ့ သာကူ ရောကျိုထားတဲ့ ခွက်ကလေးတစ်ခွက်ဆိုရင် ငါးမူးပဲ။  ဇီးထုတ်များဆိုရင် တစ်ကျပ်ဖိုးကို ၃ ထုပ်တောင်ရသဗျား။  သူငယ်တန်းတုန်းကတော့ တစ်နေ့ကို မုန့်ဖိုး ၁ ကျပ်ရတယ်။  ဘာစားရမှန်းလဲမသိပါဘူး။  အားရင် ကျောက်တံဝယ်တာနဲ့ ပြီးတာပဲ။  ကျောက်တံလဲ ငါးမူးပဲ။  ကျွန်တော်တို့ သူငယ်တန်းမှာတုန်းက ခုလိုမျိုး အိုင်ပတ်တွေ ဘာတွေလည်း မြင်ဖူးတာမဟုတ်ပါဘူး။  ကျောက်သင်ပုန်းနဲ့ ကျောက်တံနဲ့ စတာပဲ။  လွယ်အိတ်ထဲကြည့်လိုက်ရင် ကျောက်သင်ပုန်းတစ်ချပ်၊ လေးကြောင်းမျဉ်းစာအုပ် အင်္ဂလိပ်စာအတွက်တစ်အုပ်၊  ကကြီး ခခွေးရေးဖို့ တစ်အုပ်၊ ပြီးရင် ကျောင်းစာအုပ်တွေနဲ့ ကွန်ပါဘူးထဲမှာ ခဲတံ တစ်ချောင်း၊ ခဲဖျက်တစ်ချောင်း၊ ကျောက်တံ ၃ ချောင်းလောက်။ 
            အဲ့ဒီတုန်းက ကျောက်တံမှာ နှစ်မျိုးရှိသဗျ။ တစ်မျိုးက သဘာဝကျောက်တဲ့။  နောက်တစ်မျိုးက ရွှံတို့၊ မီးသွေးလိုလို ဘာလိုလိုဟာတွေကို ရောကြိတ်ပြီးတော့ အတောင့်လိုက်ပြန်ပြန်ရောင်းတဲ့ Artificial ကျောက်တံပေါ့။  သဘာဝ ကျောက်တံက ပိုသုံးလို့ကောင်းတယ်။  အရေးခံတယ်။  ဟို artificial တွေက ရေးပြီးရင် ကျောက်သင်ပုန်းပေါ်ကနေ ပြန်ဖျက်ဖို့ ခက်တယ်။  အဲ့ဒီတော့ ကျောင်းရောက်ရင် ဟို သဘာဝ ကျောက်တံလေးတွေကို ရွေးဝယ်၊  ပြီးရင် အုတ်ပနက်ချထားတဲ့ အုတ်ပေါ်တင်တင်ပြီး သွေးတာပဲ။  တစ်နေ့တစ်နေ့ ကျောက်တံပြိုင်သွေးရတာက အလုပ်တစ်ခု။ 
            မှတ်မိသေးတယ်… ကျောင်းက ကျောက်သင်ပုန်းပေါ်မှ အိမ်စာပေးလိုက်ရင် မနက်ရေးပြီးသား ၀လုံးတွေမပျက်အောင် ကျောက်သင်ပုန်း ခေါင်းပေါ်ရွက်ရွက်ပြီး လမ်းသွားခဲ့တာတွေကို။  ကျောင်းရောက်ရင် ကျောက်သင်ပုန်းလေးတွေထပ်၊  ဆရာက စာစစ်နေရင် ကိုယ့်ကျောက်သင်ပုန်းအလှည့် ဘယ်တော့ရောက်မလဲဆိုတာကို ကျောက်သင်ပုန်းဘောင်မှာ ဟိုခြစ်ဒီခြစ်နဲ့ မှတ်ထားတဲ့ ကိုယ့်အမှတ်အသား ကိုယ်ကြည့်ရတာ အမော။  အဲ့ဒီကထည်းက ကျောင်း အမြဲတမ်းနောက်ကျတာ။  အမြဲတမ်း ကျောင်းတက်ခေါင်းလောင်းထိုးတော့မှ ကျောင်းရောက်တယ်။  အထက်တန်းလဲဒီလိုပဲ။ တက္ကသိုလ်လဲ ဒီလိုပဲ။  အခု အလုပ်ထဲလဲ ဒီလိုပဲ။  အရင်တုန်းကတော့ အမေက နှိုးတယ်။  အခုတော့ မန်နေဂျာက အိပ်ယာထဖို့ အမြဲနှိုးတယ်။  အင်း အကျင့်ဆိုတာက ပြင်ရခက်သား။  မတတ်နိုင်ဘူး။
            မူလတန်းတက်တုန်းက အိမ်ကတော့ ဟင်းတွေ၊ ထမင်းတွေ ထည့်ထည့်ပေးလိုက်တာပဲ။  ဒါပေမယ့် မုန့်စားကျောင်းဆင်းချိန်ရောက်လို့ ထမင်းဘူးဖွင့်ရင် သိပ်ပြီး အားနာစရာကောင်းတယ်။  သူငယ်ချင်းတစ်ချို့ဆို နေ့လည်စာတောင် မစားနိုင်ဘူး။  တစ်ချို့လည်း ထမင်းကြမ်းနဲ့ အာလူးကလားဟင်းနဲ့ပေါ့။  အဲ့ဒီတော့ ကြုံသလို ဝေမျှ စားသောက်လိုက်တာပဲ။  သူတို့ရဲ့ မဆလာနံမွှေးမွှေးနဲ့ ချက်ထားတဲ့ ဟင်းတွေက သာတောင် စားကောင်းသေး။  ဘာမှ ပြိုင်စရာကို မရှိတာ။  အေးရာပဲ။
            အဲ့ဒီအချိန်မှာ ကျူရှင်ရောဂါတွေက ကျွန်တော်တို့ရွှေပြည်ကြီးမှာ ဇာတ်လမ်းထနေပြီ။  ဘယ့်နှယ် ကျောင်းမှာ သင်ပြီးသားစာကို ကလေးတွေ သူ့ဟာသူ ဖတ်ဖို့နေနေသာသာ ညနေပိုင်း ပြန်ပြန်ပြီး နောက်တစ်ခေါက် ပြန်သင်တာနဲ့ သူတို့မှာ ကိုယ်ပိုင် စာဖတ်ချိန်၊  ဆော့ချိန်နဲ့ တွေးတဲ့ အချိန်ကို မရှိတော့ဘူး။  ကျွန်တော့်အနေနဲ့တော့ ဘယ်လိုမှ နားလည်လို့ မရပါဘူး။  အ.မ.က ၁၆ မှာတော့ အဲ့ဒီအချိန်တုန်းက ဘာကျူရှင်မှ  မရှိဘူး။  ရှိလည်း ဘယ်မိဘကမှ ကျူရှင်ထားဖို့ တတ်နိုင်မှာမှ မဟုတ်တာ။  ကိုယ့်ကလေး ကျောင်းလခတောင် ပေးဖို့ အနိုင်နိုင်ရယ်။  ဒီတော့ ကျောင်းဆင်းလို့ မိုးရွာရင် မိုးရေချိုး၊ လမ်းထဲမှာ ဘောလုံးကန်၊  အိမ်က မဲတူကြီးနဲ့ ဆော့။  ဒီကောင်ကြီးက အတော်လိမ်မ္မာတဲ့ အကောင်ကြီး။  ဒီကောင်ကြီး အကြောင်းတောင် ပိုစ့်ရေးထားဖူးသေးတယ်။  ကလေးဘ၀ ရဲ့ အရသာအပြည့်ကို ကျွန်တော် ကောင်းကောင်းရခဲ့တယ်။  နောက်ပိုင်း သား၊ သမီးများရှိလာရင်လည်း သူတို့ကို မလိုအပ်ပဲ ကျောင်းစာအတွက် အချိန်အပို အကုန်ခံဖို့ ဖိအားပေးမှာ မဟုတ်ဘူး။  သူ့အရွယ်မှာ သူ့ဟာသူ လွတ်လပ်စွာ တွေးပြီး သူတို့ လုပ်ချင်တာလေးတွေကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ထိန်းကွပ်ပေးရတာ ပိုကောင်းတယ်။  မဟုတ်ရင် ကလေးရဲ့ ခေါင်းထဲမှာ ဗုံလုံသီးထဲက အဆာတွေထုတ်ပြီး ပုဇွန်တွေ၊ အသားတွေ အတင်းသွပ် ချက်ထားတဲ့ ဗုံလုံသီး အဆာသွပ် ဟင်းလို ဖြစ်သွားလိမ့်မယ်။
            အ.မ.က ၁၆ မှာ ကျွန်တော်ကျောင်းတက်ခဲ့တဲ့ သက်တမ်းတစ်လျှောက် ဘာဆုရလဲမေးခဲ့ရင် ဟင့်အင်းလို့ ဖြေရမှာပဲ။  ၃ တန်းလောက်ရောက်တော့ ကျွန်တော်တို့အိမ်ဘေးကို အရိုးအထူးကု ဆရာဝန် မိသားစုပြောင်းလာတယ်။  သား ၄ ယောက်နဲ့ သမီးထွေး တစ်ယောက်ပါတယ်။  သား ၄ ယောက်မှာ တစ်ယောက်က ကျွန်တော့်ထက် တစ်တန်းကြီး၊  တစ်ယောက်က တစ်တန်းငယ်။  အကြီးဆုံးကတော့ ကျွန်တော်နဲ့ အသက်ကွာတယ်။ ဆော့ဖော်ဆော့ဖက်တွေပေါ့။  သူတို့ကတော့ တစ်ခြားကျောင်းမှာ ကျောင်းတက်သပေါ့လေ။  သို့ပေမယ့် လပါတ်စာမေးပွဲထွက်လိုက်ရင်တော့ ဒီကောင်တွေက အဆင့် ၁ ဆိုတာချည်းပဲ။  ၅ ဘာသာဆိုရင် ၄၄၉ မှတ်လောက်ရကြသဗျ။  လပါတ်စာမေးပွဲဖြေပြီးတိုင်း အမေနဲ့ ဟိုဘက်က ကောင်လေးတွေ အမေနဲ့ပေါင်းပြီး ကျွန်တော့် ရီပို့ကဒ် ယူယူပြီး စစ်ကြည့်တယ်။  ကျွန်တော့်သူငယ်ချင်းတွေကလည်း တစ်ကယ်တော်တဲ့ကောင်တွေ။  အခုတော့ ၃ ယောက်က သူ့အဖေလိုပဲ ဆေးကျောင်းတက်ပြီး ဆရာဝန်တွေဖြစ်နေပြီ။  ဘယ်ရောက်လို့ ဘယ်ပေါက်ကုန်မှန်းတော့ မသိတော့ဘူး။ 
ကလေးတွေအားလုံး တန်းစီပြီးတော့ ရီပို့ကဒ်ကို မိဘတွေက လက်မှတ်ထိုးကြသပေါ့လေ။  ဟိုဖက်က သူငယ်ချင်းတွေကတော့ အမြဲတမ်း အဆင့် ၁ ဆိုတာချည်း။  အို… သူ့ဟာသူ ရတာ ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့၊  တစ်နှစ်တစ်တန်းအောင်နေရင်ပြီးတာပဲ။  အမေကတော့ ဟဲ့သားကြည့်စမ်း ဟိုဘက်အိမ်က သား သူငယ်ချင်းတွေရဲ့ ရီပို့ကဒ်ကို တွေ့လား ၅ ဘာသာဆိုရင် အနည်း ဆုံး ၃ ဘာသာလောက်က ၁၀၀ လောက်ရနေတာ… နင်စာကိုကြိုးစားပြီး ကျက်မှပေါ့ဟဲ့ ဆိုပြီး ပြောဖူးတယ်။  “ဟ… အမေ..ကလည်း စာမေးပွဲဖြေတာ မေးသမျှ အကုန်မှန်ရအောင် ယုတ္တိလည်း မရှိဘူး” ပြောမိလို့ အရိုက်ခံရတာ မှတ်မိသေးတယ်။
အဲ.. တစ်ခုတော့ မှတ်မိတယ်။  နောက်ဆုံး စတုတ္ထတန်းရောက် ကျောင်းစတက်တော့ ကျွန်တော့်အဘွားက ကျောင်းအုပ်ဆရာမကြီးကိုသွားပြောတယ်။  သူ့မြေးလေးကို ဒီကျောင်းက မထွက်ခင်လေးတော့ ဆုပေးပွဲလေးမှာ သူကိုယ်တိုင်တက်ပြီး ယူချင်ပါတယ်ဆိုပြီး။  အဲ့ဒီ လေးတန်းလဲ အောင်စာရင်းထွက်ရော ကျွန်တော်လည်း တတိယ ဆုရတာပဲ။  ဒါ ကျွန်တော့်အဘွားရဲ့ ပယောဂ မကင်းဘူးဆိုပြီး ကျွန်တော်ကတော့ အဲ့ဒီဆုကြီး မယူချင်ပါဘူး။  ဒါပေမယ့်နောက်တော့ အဖေ့ဖက်က အဘွား၊ အဒေါ်တွေရော၊ အမေ့ဘက်က အမျိုးတွေပါ ဟဲ့… ဒီကောင်လေး တစ်ခါမှ ဆုမရဖူးဘူး၊  ထူးထူးဆန်းဆန်း ရတုန်းလေး ဆုပေးပွဲတက်မယ်ဆိုပြီး လာကြတော့ ကျွန်တော် ဆုမယူဘူးဆိုပြီး အိမ်မှာ ဂျစ်တိုက်လို့မရတာနဲ့  သူတို့ဆွဲရာကို ဂျစ်ကန်ဂျစ်ကန်နဲ့ ပါသွားရော။  မသွားခင် သနပ်ခါးတွေ ဘာတွေ လူးသေးသဗျ။  ပြီးမှ ထမင်းကျွေးတော့ ပါးစပ်မှာက အဆီက အကွင်းလိုက်ကြီး။  အခုအထိ အိမ်မှာ ဆုပေးပွဲဓာတ်ပုံရှိသေးတယ်။  တတိယဆုရတဲ့ ဗလာစာအုပ် တစ်ဒါဇင်ကို ကိုင်ထားပြီးတော့ ပါးစပ်မှာ အဆီအကွင်းလိုက်ကြီးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံ။  အဲ့ဒီ စာအုပ်တစ်ဒါဇင်လဲ အိမ်က စာရင်းစာအုပ်ယူပြီးလုပ်တာနဲ့၊  ကျွန်တော် ပုံတွေ လျှောက်ဆွဲပစ်တာနဲ့ နွေတောင်မပြီးဘူး ကုန်တာပဲ။
ကျောင်းရဲ့ ခေါင်းရင်ဖက်မှာက ဟိန္ဒူဘုရားကျောင်းသေးသေးလေးရှိတယ်။  စောစောက ပြောခဲ့တဲ့ ဒိုဘီကန်နဲ့ ကပ်ရပ်ပေါ့။  ဘာသာတွေစုပေါင်းပြီး ငြိမ်းချမ်းစွာနေပါတယ် ဘာရယ် ပြောရင် အဲ့ဒီ ရပ်ကွက်ကိုပြောရမှာပဲ။  အ.မ.က ၁၆ မှာ သီတင်းကျွတ်လောက်ဆိုရင် ကျောင်းပိတ်တုန်း အသံမစဲ အဘိဓမ္မာ ၇ ကျမ်း ရွတ်ပွဲရှိတယ်။  အဲ့ဒါပြီးရင်တော့ ရှမ်းကုန်သည်ပွဲတွေ ဘာတွေနဲ့ ပျော်ပွဲရွှင်ပွဲက ပုသိမ်မှာ စည်တော့မှာ။  ဆိုတော့ စောစောက ဟိန္ဒူဘုရားကျောင်းနဲ့ အဘိဓမ္မာ ၇ကျမ်း ရွတ်ပွဲနဲ့ အဲ့ဒီမှာ တွေ့တာပဲ။  အဲဒီ ဟိန္ဒူဘုရားကျောင်းလေးကလည်း နာမည်က ခပ်ကြီးကြီးရယ်။  အဲ့ဒီကျောင်းနားမှာ ကားတိုက်တာတို့၊ လူသေတာတို့ ဖြစ်ဖူးရင် ရပ်ကွက်ထဲမှာ နာမည်ကြီးတာကတော့ ကာလီမယ်တော် စိတ်ဆိုးတယ် ဆိုတာချည်း။  ညပိုင်းတွေ ဘာတွေဆို စက်ဘီးတွေဘာတွေ သတိထားပြီး နင်းတို့ ဘာတို့ဆိုတာ ငယ်ငယ်တုန်းက မကြားချင်မှအဆုံး။

ဘယ်တုန်းထဲက စတယ်တော့မသိဘူး။  နှစ်စဉ် အသံမစဲ အဘိဓမ္မာ ၇ကျမ်း ရွတ်ပွဲမစခင်ဆိုရင် ဟိန္ဒူ ဘုရားကျောင်းလေးထဲမှာ ပွဲတစ်ခုအမြဲလုပ်တယ်။  အဲဒီ ဘုရားကျောင်းထဲက ကိုးကွယ်တဲ့ ရုပ်တုတွေကို တစ်ခြား ဟိန္ဒူကျောင်းကို ရွှေ့တဲ့ပွဲ။  ဘာဖြစ်လို့လဲဆိုတာတော့ ပါးစပ်ရာဇ၀င်အရဆိုရင် အဘိဓမ္မာ အသံမစဲ ရွတ်ရင် ဟိုဘက်က နားမခံနိုင်လို့ ၀င်ဝင်ပူးပြီး ပြောတယ်လို့ ဆိုတာပဲ။  မည်သို့ပင်ဆိုစေ အဲ့ဒီအချိန်ဆိုရင်တော့ အအေးလဲ အလကား သောက်လို့ရတယ်၊  မီးနင်းတာလဲ ကြည့်လို့ရတယ်၊  စာကလေးခွေတွေလည်း ပေးသေးတယ်၊  နောက်ပြီး မလိုင်တို့ ဘာတို့လဲ စားရတော့ သွားသွားကြည့်တာပဲ။  ခုတော့ တခါတလေ ပုသိမ်ပြန်ရင် ကျောင်းလေးဖက် သွားသွားကြည့်မိတယ်။  ကျောင်းကလေးလဲ အတော်လေး ဟောင်းနေပါပြီ။  ထရံတွေကလဲ ကျိုးတိုးကျဲတဲရယ်.. မိုးတွင်းဆိုရင် တစ်ခါတစ်လေ ကျောင်းထဲကို ရေပါဝင်လိုက်သေး၊  မည်သို့ပင်ဆိုစေ ကျောင်းခေါင်းလောင်းသံလေးကတော့ နားထဲမှာ ချိုနေတာပဲ။

7 comments:

  1. All in one. Good good very good. :D
    (Ta-gyi-min)

    ReplyDelete
  2. What a sweet story!! I love it.
    Iora

    ReplyDelete
  3. Don't forget to mention about your friend t2.

    ReplyDelete
  4. မောင်အောင်ထွဋ်ရဲ့ ငယ်စဉ်ဘ၀လေး ဖတ်ရတာ ရိုးရိုးရှင်းရှင်းနဲ့ ကြည်နူးစရာလေ...
    ကျောက်သင်ပုန်းနဲ့ ကျောက်တံသုံးခဲ့တဲ့ အချိန်ကာလလေးတွေကို စမြုံ့ပြန်မိတယ်း)
    ပုသိမ်မှာ တီတင့်ဖခင်တာဝန်ကျလို့ ၁၉၇၀တုန်းက နေခဲ့ဘူးတယ် ...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. ဟန်ကြည်August 26, 2013 at 6:08 PM

    ကိုအောင်ထွဋ် ငယ်ဘ၀ကိုဖတ်ရင်း ကိုယ့်ငယ်ဘ၀ပြန်သတိရလိုက်တာ...မုန့်ဖိုးငါးမူးမှာ တစ်မတ်စား တစ်မတ်စုတာတောင် ဗိုက်အတော်ကားတဲ့ခေတ်ကိုး...လေးတန်းအထိ ကျောက်သင်ပုန်း ကျောက်တံသုံးခဲ့ရတာကတော့ အမှတ်တရပဲဗျို့...အချင်းချင်း ရန်ဖြစ်ကြလို့ကတော့ ဘာပြောကောင်းမလဲ လက်နက်တွေမှ ကိုယ်စီကိုယ်ငှ...ကျောက်သင်ပုန်းနဲ့ ခုတ်တဲ့ကောက်ကခုတ်..ကျောက်တံနဲ့ ထိုးတဲ့ကောင်ကထိုး...သည်ကြားထဲမှာ ၀ါးပေတံတွေကလည်း ဆော်လို့ကောင်းမှကောင်းဗျို့း)

    ငယ်မူပြန်လေးဘာလေး ထပ်ရေးစမ်းပါဦး...ဖတ်ရတာ အရွယ်တင်တယ်း)

    ReplyDelete
  6. i love your story. bro... keep it up...

    ReplyDelete
  7. ကျွန်မတို့ မူလတန်းတုန်းက ကျောက်သင်ပုန်း သုံးခဲ့တာ...ကျူရှင် မရှိဘဲ အသားကုန် ဆော့တာ..အထက်တန်းကျတော့ ပုသိမ်မှာ တက်တယ်...ရှမ်းကုန်သည်ပွဲက တော်တော်စည်တယ်..

    ReplyDelete