စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, April 14, 2013

Shanghai F1


         Formula 1 Grand Prix ကို ခုမှ အရှင်လတ်လတ် အပြင်မှာ မြင်ဖူးခြင်းဖြစ်သည်။  စလုံးမှာတုန်းကတော့ ညဖက် မောင်းသည့် F1 ပြိုင်ပွဲရှိသော်လည်း သွားမကြည့်ဖြစ်။  ဈေးကြီးသည်ဟု ဆိုသောကြောင့်ဖြစ်သည်။  ဟုတ်သည် မဟုတ်သည်တော့မသိ။  ရှန်ဟိုင်းမှာတော့ ရုံးက လက်မှတ်ပေးသောကြောင့် သွားကြည့်ဖြစ်သည်။  လက်မှတ်က စနေ၊ တနင်္ဂနွေ နှစ်ရက်စာ လက်မှတ်ဖြစ်သော်လည်း စနေနေ့ အလုပ်လုပ်ရသောကြောင့် တနင်္ဂနွေနေ့မှ သွားကြည့်ဖြစ်ခြင်းဖြစ်သည်။

         ကွင်းထဲကို ကားဝင်လို့မရပေ။  ကားရပ်ပြီး မိနစ် ၃၀ လောက်လမ်းလျှောက်ရသည်။



  တရုတ်ပြည်တွင် အတု အကုန်ရသည်။  ကွင်းထဲမ၀င်ခင်ကပင် ဦးထုပ်၊ အလံ၊ စသည် စသည်တို့ကို အတုတွေအကုန်လုံး အပြင်မှာ လိုက်ရောင်းနေသည်။  ကွင်းထဲဝင်လိုက်တော့ Official Store တွေမှာ souvenir တွေ ရောင်းသည်။  လျှောက်ကြည့်ဖြစ်သည်။  




ရဟတ်ယာဉ်တစ်စီး လေပေါ်မှာ ၀ဲနေသည်။  လှမ်းရိုက်သည်။

  ကင်မရာ သမားကတော့ ကရိန်းပေါ်မှာ အလုပ်ရှုပ်နေသည်။  


ကားပြခန်းတွေရှိသည်။  မာစီးဒီး တံခါး နှစ်ပေါက်နှင့် ကားကို သဘောကျသည်။

         နောက်တော့ Mini F1 ခေါ်မလား ပြိုင်ကားလေးတွေ မောင်းသည်။  ဘယ်သူ ဆုရသွားသလဲတော့ မသိ။  ကိုယ့်ဟာကိုယ် မုန့်စားလိုက်၊ ဘီယာသောက်လိုက်နှင့် အလုပ်ရှုပ်နေသည်။  နောက်တော့ လမ်းရှင်းကားလာပြီး လမ်းရှင်းသည်။ 


         နောက် F1 အဖွဲတွေ Tour Bus နှင့် ထွက်လာပြီး လက်လှမ်းပြသည်။  နောက်တော့ ပြိုင်ပွဲစသည်။  ဘယ်သူတွေ မောင်းသည် မသိ။  စိတ်ဝင်စားသည်မှာ ဘယ်တော့ ကားချင်းတိုက်မလဲ ကိုသာဖြစ်သည်။  မတိုက်ချေ။  သူ့လမ်းအတိုင်း သူမောင်းကြသည်။  အတော်မြန်သည်။  တစ်နာရီကို ကီလို ၃၀၀ ဟု မိုက်မှ အော်သည်။  ဓာတ်ပုံလိုက်ရိုက်ရသည်မှာ မလွယ်ချေ။  တစ်ခုထည်းသာရှိသော 18-200 Lens နှင့်သာ မနဲ ရိုက်ရသည်။





လုံခြုံရေးရဲတွေဖြစ်သည်။  အစပိုင်းမှာ လက်မှတ်မပါတဲ့လူတွေကို လိုက်ဖမ်းသော်လည်း နောက်ပိုင်းတော့ မစစ်တော့ချေ။  

         ညနေစောင်းတော့ အေးလာသည်။  ရှန်ဟိုင်းမှာ နွေဦးရောက်သော်လည်း အချမ်းမကုန်သေးချေ။  ညနေပိုင်းရောက်လျှင် အေး၏။  လေပါတိုက်သောကြောင့် ပွဲကို ဆက်မကြည့်ဖြစ်တော့။  သူ့ဟာသူ တစ်ဝူးဝူးမောင်းနေသော ကားတွေကို စိတ်မ၀င်စား။  ပွဲစင်နောက်မှာတော့ ကလေးတွေ ဆော့နေသည်။   ဆော့နေသော ကလေးတွေကိုသာ ကင်မရာချိန်ပြီးတော့ လိုက်ရိုက်ဖြစ်သည်။  


နောက်တော့ ပွဲပြီးပြီဟု ရုံးကလူတွေက ဖုန်းဆက်သည်။  ရုံးမှလူတွေနှင့် ဟိုတယ်ကို ပြန်လိုက်လာသည်။  F1 သည် ဒါပင်ဖြစ်သည်။  

3 comments:

  1. တခါမှ မကြည့်ဖူးဘူးဗျာာာာ

    ReplyDelete
  2. ဒီမှာလဲရှိတယ် တခါတော့ ကြည့်ဖူးတယ်
    ကြည့်လို့အရမ်းကောင်းတာပဲ

    ReplyDelete
  3. Ticket price too expensive. 780 is too much

    ReplyDelete