စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, February 12, 2013

ဖန်ခွက်


          တခါတလေကျတော့ ဖန်ခွက်နဲ့ စကားပြောရတာ တော်တော်လေး အဆင်ပြေတယ်။  တခါတလေတော့ ဖန်ခွက်နဲ့ စကားပြောရတာ ပျင်းစရာကောင်းတယ်။  ဒါပေမဲ့ အလုပ်ဖြစ်တယ်။  ကိုယ်ပြောချင်တာပြော… သူကနားထောင်တယ်။  ဒီအတွက် တစ်ခါမှ ပျင်းရိတယ်မှရှိဘူး။  အမြဲတမ်း လတ်ဆတ်နေတယ်၊  မကြိုက်ရင် ဖန်ခွက်အသစ်တစ်ခွက် လဲလိုက်ဖို့ပဲ။  ပြောချင်တဲ့ အကြောင်းအရာ တစ်ခုပြီးသွားတိုင်းမှာ ဖန်ခွက် အသစ်တစ်ခွက် လဲလိုက်ဖို့ပဲ။  ဒီအတွက် ဘာမှ ထူးထူးထွေထွေ လုပ်နေစရာမလိုဘူး။ 
ဒါဟာ လူတစ်ယောက်ကို စကားပြောနေရတာနဲ့ မတူတဲ့ အချက်ပဲ။  လူတွေကျတော့ ဒီလိုမဟုတ်ဘူး။  ဖန်ခွက် တစ်ခွက်လိုမျိုး အလှဲအလှယ်လုပ်လို့မရဘူး။  နောက်ပြီးတော့ သူတို့ပြောချင်တဲ့ အကြောင်းအရာတွေကို လိုက်လိုက်လျောလျော နားထောင်ပေးရတာမျိုးလဲ ရှိသေးတယ်။  နွားပျောက်သွားတဲ့ အကြောင်းလဲ ပြောချင်ပြောမယ်၊  ဇာတ်ပျက်သွားတဲ့ အကြောင်းလဲ ပါချင်ပါမယ်၊  သမိုင်းထဲက နေ့စွဲတွေကို ရွတ်ချင်ရွတ်နေဦးမယ်၊  တခါတလေ အလိုက်သင့် နားထောင်ပေးရတာ တော်တော့်ကို ကသိကအောက် ရောက်တဲ့ ကိစ္စတစ်ခု။  ဒီလိုနေရာတွေကျတော့ ဖန်ခွက်တွေနဲ့ ဆက်ဆံရတာ အများကြီး နေသာထိုင်သာ ရှိတယ်။
ဖန်ခွက်မှာလဲ သူ့ရာဇ၀င်နဲ့ သူတော့ ရှိတာပဲ… ဒါပေမယ့် သိပ်ပြီးတော့  ခမ်းနားကြီးကျယ်တဲ့ ဇာတ်ကြောင်းလှန်ဖို့ရာ သိပ်မရှိဘူး။  ဖန်ခွက်တစ်လုံးဟာ လူတစ်ယောက်နဲ့ နှုတ်ခမ်းချင်းတေ့ပြီးတော့ အလုပ်သဘော ဆက်ဆံဖူးတာရှိဖူးမယ်။  ပြီးရင် နောက်တစ်ယောက်၊ နောက်တစ်ယောက် ဒီလိုနဲ့ သူ ကွဲရှသွားတဲ့တစ်နေ့ဟာ သူ့ဘ၀ ဆုံးခန်းသတ်သွားတဲ့နေ့ပဲ။  သူ့နေရာမှာ တစ်ခြား ဖန်ခွက်တစ်လုံးက ဆက်လက် အလုပ်လုပ်ပေးနေဦးမှာပဲ။ 
အရှေ့တိုင်းဖန်ခွက်နဲ့ အနောက်တိုင်း ဖန်ခွက် ဘာကွာခြားလဲတော့ မသိဘူး။  ဖန်ခွက်ဟာ ဖန်ခွက်ပဲပေါ့။  ဒါပေမဲ့ အရှေ့တိုင်းက မိန်းကလေးတွေနဲ့ အနောက်တိုင်းက မိန်းကလေးတွေကတော့ ကွာချင်ကွာမှပေါ့။  ဂျပန်မှာဖြစ်ဖြစ်၊ တရုတ်မှာဖြစ်ဖြစ် ဘား မှာ သွားထိုင်ရင် သူတို့က ခင်ဗျားဘေးမှာ လာထိုင်ပေးမယ်။  ခင်ဗျား ပြောသမျှ သူတို့နားထောင်မယ်။  ဒီအတွက်တော့ ခင်ဗျားက သူတို့သောက်သမျှ ရှင်းပေးရဦးမယ်။  That’s the deal.  ဖန်ခွက်တွေကျတော့ သူတို့အတွက် တိကျတဲ့ ဈေးနှုန်းရှိပြီးသား။  ကိုယ်ကြိုက်တာမှာပြီး ငွေပေးခြေလိုက်ရုံပဲ။  သိပ်ပြီး ထူးထူးထွေထွေ ရှိလှတယ် မဟုတ်ဘူး။
စောစောက ပြောခဲ့သလိုပဲ ဖန်ခွက်နဲ့ စကားပြောရတာ ပိုပြီးတော့ သက်သောင့်သက်သာ ရှိတယ်။  ခင်ဗျားတို့ မကြားချင်တဲ့ ပုံပြင်အသစ် အသစ် အသစ် တွေကို ဇာတ်ကွက်ကျကျ ခင်းပြီးတော့ တယောထိုးသလိုမျိုး ပြောနေမှာမဟုတ်ဘူး။  ဖန်ခွက်မှာ ညီမရှိဘူး၊  အကိုမရှိဘူး၊  မွေးချင်းတွေလည်း မရှိဘူး။ ရှိလဲ ဖန်ခွက်ဟာ ဖန်ခွက်ပဲ ဖြစ်နေဦးမှာပဲ။  တခါတလေတော့ သူတို့လည်း သူတို့ဘ၀ကို ငြီးငွေ့ချင်မှာပဲ။  ဒါပေမဲ့ ဖန်ခွက်တစ်လုံးရဲ့ ဖြစ်တည်မှု့အတွက်တော့ ဘယ်သူမှ သူတို့ကို သနားစရာလို့ မြင်မိမှာ မဟုတ်ဘူး။ 
ဒါပေမဲ့ ဖန်ခွက်တိုင်းမှာ စည်းကမ်း စနစ်ကျဖို့လိုတယ်။  ခင်ဗျား မှာတဲ့ အမျိုးအစားပေါ်မူတည်ပြီးတော့ သတ်မှတ်ချက်ရှိကို ရှိရမယ်။  မဟုတ်ရင် ဒါဟာ စည်းကမ်းကို ဖောက်ဖျက်တာပဲ။  On the rock အတွက် ၀ီစကီ ၂ အောင်စ ကို old fashion ဖန်ခွက်ထဲ လောင်းကို လောင်းထည့်ရမယ် ပြီးရင် လတ်လတ်ဆတ်ဆတ် ရေခဲလိုမယ်။   Cuba Libre အတွက် Havana Club ဖြစ်ဖြစ်၊ Bacardi ဖြစ်ဖြစ် ဒါမှ မဟုတ် ခင်ဗျားတို့ကြိုက်တဲ့ Rum ၂ အောင်စ ကို သံပရာရည် ၁ အောင်စကို ညှစ်ထည့်ပြီး ကိုလာကိုရော Long Drink Glass ထဲမှာ မွှေကို မွှေရမယ်။ Daiquiri ဆိုရင် ရမ် ၄အောင်စခွဲလောက်ကို သံပရာရည် ၂ အောင်စ၊ သကြား ၁ဇွန်းနဲ့ Shaker ထဲမှာ ရေခဲထည့်ပြီး သမအောင် လုပ်ရမယ်။  ပြီးရင် Cocktail Glass ကို သုံးကို သုံးရမယ်။  အားလုံးဟာ စနစ်တကျ စီစဉ်ထားတာ။  ဒီအတွက် ဖန်ခွက်တွေဟာ ဒီမှာ ရှိနေရတာ။  မှာယွင်းမှု့ဟာ ဖန်ခွက်တစ်လုံးရဲ့ ဖြစ်တည်မှု့ကို အလေးမထားခြင်း သက်သက်ပဲ။  အမှန်တော့ ဖန်ခွက် တစ်မျိုးခြင်းစီအတွက် သီးသန့် အခန်းကဏ္ဍရှိပြီးသားပဲ။ 
နောက်တစ်ခုက ဖန်ခွက်တွေဟာ အမြဲတမ်း သန့်ပြန့်နေဖို့လိုအပ်တယ်။  ဒါဟာ အရေးအကြီးဆုံးအချက်ပဲ။  ဒါဟာ ဖန်ခွက်ရဲ့ Personality ပဲ။  ဖန်ခွက်တစ်ခွက်ကို ကိုင်ကြည့်လိုက်တဲ့အခါမှာ အရာရာအားလုံး သန့်ပြန့်နေဖို့လိုတယ်။  ဒါမှ ကျွန်တော်လည်း နေသာထိုင်သာရှိမယ်၊  ဖန်ခွက်ကိုယ်တိုင်လည်း နေသာထိုင်သာရှိလိမ့်မယ်ထင်တယ်။  မဟုတ်ရင် ဖန်ခွက်နဲ့ လူနဲ့ကြားမှာ ကွာဟချက် ရှိနေလိမ့်မယ်။  သိပ်ပြီး ကြီးမားတဲ့ ကွာဟချက်တော့မဟုတ်ဘူး ဒါပေမယ့် အဆင်မပြေဘူးလေ။  ဖန်ခွက် နှုတ်ခမ်းမှာ စွန်းနေတဲ့ နေရာဖြစ်ဖြစ်၊ အောက်ခြေနား ပဲ့နေတာဖြစ်ဖြစ် ဒါဟာ တော်တော့်ကို ကသိကအောက် ရောက်တဲ့ကိစ္စတစ်ခု။
ဒါပေမယ့် စောစောက ပြောခဲ့သလိုပဲ တခါတလေ ဖန်ခွက်တွေနဲ့ စကားပြောရတာ သက်သောင့်သက်သာရှိတယ်။

4 comments:

  1. ဟန်ကြည်February 12, 2013 at 6:48 PM

    ကြိုက်တယ်ဗျာ...ဖန်ခွက်တွေအကြောင်း ကျွန်တော်လည်း အထိုက်အလျောက်တော့ တောင်ဖတ်မြောက်ဖတ် ဖတ်ကြည့်ဖူးသဗျ...စကော့ခ်ျဝီစကီ သောက်မယ်ဆိုရင် ဖင်ထူထူ ဖန်ခွက်နဲ့မှဆိုလို့ ရှာလိုက်ရလေခြင်းဗျာ...ဟဲ ဟဲ

    သို့ပေမင့် ကိုအောင်ထွဋ်လေ့လာထားတာကို ပိုပြီးစေ့စပ်တော့ ဆလုရိုက်လိုက်သဗျို့...ဘားတင်ဒါတောင် အနှီလောက် နှံ့စပ်မယ်မထင်ဘူး...

    ReplyDelete
  2. မောင်အွတ်ထောင်..
    ဖန်ခွက်အကြောင်းတွေ တော်တော် သိနေပါလား။ မဒမ်မသိခင် ခွက်ပုန်းလေးတွေ မကြာမကြာ ဆွဲဖူးပုံ ပေါ်တယ်။း)

    ReplyDelete
  3.း) အခုမှပဲရောက်ဖြစ်တယ်ဗျာာာ
    ရောက်တော့လည်း ဖန်ခွက်အကြောင်းဖတ်လိုက်ရတယ်
    အခုတလော တောထဲမှာဖန်ခွက်ကိုင်ဖြစ်တယ်



    မောင်ဘကြိုင်

    ReplyDelete
  4. အောင်မလေး ကိုအွတ်ထောင်ရယ်....ဖန်ခွက်တွေနဲ့စကားပြောခန်းကိုဖတ်ပြီး တံတွေးတောင် ဂလု ကနဲ မြိုချမိ....၊ကျွန်တော်တော့လောလောဆယ် ဖန်ခွက်
    နဲ့စကားမပြောနိုင်ပဲ တစ်ခါသုံးစက္ကူခွက်နဲ့ နှုတ်ခမ်းခြင်းပွတ်နေရသဗျိုး.....:)))
    မော်ဒန်ဆန်ဆန်ဝတ္ထုလေးကဖတ်လို့ကောင်းသဗျာ.....။

    ReplyDelete