စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, January 24, 2013

အရွယ်လွန်….


          အရွယ်လွန်လို့ ခေါင်းစဉ်တပ်လိုက်ပေမယ့် ဟင် ဒါမျိုးက ဖြစ်နိုင်ပါ့မလားလို့ ထင်ကောင်းထင်မိမယ်။  ဒါပေမယ့် ဒါဟာ လက်ရှိ ရှန်ဟိုင်းနဲ့ ဘေဂျင်းလို အာဘန်(Urban) မြို့ကြီးတွေမှာ လူနေမှု့ဘ၀ရဲ့ အစိတ်အပိုင်း တစ်ခု။  တစ်ကယ်တော့ အရွယ်လွန်တွေရဲ့ ခံစားမှု့ကို ကိုယ်စားဝင်ပြီးတော့ ခံစားကြည့်ရင် တော်တော်လေး အထီးကျန်ဆန်တာကို တွေ့ရတယ်။  အပြင်ပိုင်းမှာ သွက်လက်တက်ကြွ ထက်မြက်တဲ့ သဏ္ဍာန်နဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်ကိုယ်စီ လုပ်နေပေမယ့် သူတို့ဘ၀မှာ ၀မ်းနည်းစရာတွေ ကြုံတဲ့အခါ၊ တစ်ဦးဦးကို ရင်ဖွင့်ချင်တဲ့အခါမှာ ရင်ခွင်ဖက်မရှိတဲ့ အဖြစ်ကို တစ်ခါတစ်လေ အလန့်တကြားတွေ့မိကြတယ်။
          ငယ်စဉ်ဘ၀ကထဲက စာမှစာ တစ်မျိုးထဲကို စိတ်ဝင်စားပြီးတော့ အမြင့်ဆုံးအမှတ်နဲ့ အဆင့်အမြင့်ဆုံးတက္ကသိုလ်ကို ၀င်ရောက်၊ အဆင့်မြင့်လှတဲ့ ဘွဲ့လက်မှတ်တွေနဲ့ သောင်း၊သိန်း ချီတဲ့ လစာတွေကိုလက်ရှိရနေတဲ့ အာဘန်မြို့ကြီးတွေက မိန်းကလေး တွေမှာ ဒီလို အရွယ်လွန် လူတန်းစားဆိုတဲ့ အလွှာတစ်ခုကို တွေ့ရတယ်။  ဘ၀တစ်ခုမှာ ရည်မှန်းချက်ကိုယ်စီရှိကြတယ်။  ဒီအတွက် အားသွန်ခွန်စိုက်ကြိုးပမ်းကြတယ်။  ရလဒ်ကောင်းတွေ ပိုင်ဆိုင်ကြတယ်။  ဒါပေမယ့် ရုပ်ဝတ္တုပိုင်ဆိုင်မှု့တွေ အားလုံးပြည့်စုံတယ်လို့ ယူဆမိတဲ့အချိန်မှာ သူတို့တွေရဲ့ လူနေမှု့ဘ၀ကို ပြန်ကြည့်တော့ လူဆိုတာ စက်ရုပ်မဟုတ်ဘူးဆိုတာကို သွားတွေ့ကြတယ်။  အဲဒီအချိန်မှာ ဆိုးတူ ကောင်းဖက် မျှဝေဖို့ လက်တွဲဖော်က ဘေးနားမှာ ရှိမနေဘူး။  နှလုံးသားရဲ့ ရင်ခုန်သံကို သူတို့ သတိမပြုမိခဲ့ကြဘူး။ 
          ဒါပေမယ့် သူတို့ရဲ့ အသက်အရွယ်ကို ပြန်ကြည့်မိလိုက်တဲ့အချိန်မှာ အရွယ်လွန်နေပြီ။  အရွယ်လွန်လို့ ကျွန်တော်ကရေးပေမယ့် တကယ်တမ်းသူတို့ရဲ့ အသက်က ၂၅ ကနေ ၃၀ ၀န်းကျင် သာသာပဲရှိသေးတာ။  ဟင်.. ဒါ အရွယ်လွန်လားလို့မေးရင် တရုတ်ပြည်မှာတော့ ဟုတ်တယ်.. အရွယ်လွန်နေပြီ။  အသက် ၁၈ ကနေ ၂၀ အတွင်းမှာ အိမ်ထောင်ဖက် မရွေးချယ်နိုင်ရင် မိန်းကလေးတွေဆိုရင် အသက်ကြီးသွားကြပြီလို့ ယူဆကြတယ်။  ဒါဆိုရင် သူတို့ကို လက်ထပ်မဲ့သူ မရှိလို့လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ 
          ရင်ခုန်သံကို ခဏမေ့ထား၊  ဂုဏ်ရည်မတူ၊ ရာထူးမတူ၊ ၀င်ငွေမတူ စသည်အားဖြင့် ပေတံတွေနဲ့ တိုင်းပြီးတော့ ကြင်ယာဖက်ကို ရှာကြလေတော့ သူတို့ကို လက်ထပ်ချင်ကြတဲ့လူတွေကလည်း သူတို့မျှော်လင့်တဲ့ စံချိန် ပေမမီ။  ပေမီတဲ့ လူတွေကျတော့လည်း သူတို့ထက် အသက်ငယ်သူတွေကိုသာ ယူကြလေတော့ ဒီကြားထဲမှာ အရွယ်လွန် လူတန်းစားဆိုပြီး ပေါ်လာရော။  Sex and the City ဆိုတဲ့ ရုပ်ရှင်ထဲကလိုပေါ့။
          ဒါ့ကြောင့် ဒီလိုမြို့ကြီးတွေရဲ့ Night Life ကိုကြည့်လိုက်ရင် မိန်းကလေး အလွှာနှစ်မျိုးကွဲနေတာကို တွေ့ရတယ်။  တစ်မျိုးက 5C လို့ခေါ်တဲ့ မိန်းကလေးတွေ။  နောက်တစ်မျိုးကတော့ အရွယ်လွန်တွေပါ။  5C ဆိုတာက Car, Condo, Credit Card, Cash and Certificate ကိုဆိုလိုတာပါ။  ကားရှိ၊ ကွန်ဒိုရှိ၊ ခရက်ဒစ်ကဒ်ရှိ၊ ငွေရှိ၊ ဘွဲ့လက်မှတ် မြင့်လို့ ရာထူးကောင်းတဲ့ အမျိုးသားတွေကို လိုက်ရှာနေတဲ့ မိန်းကလေးမျိုး။  လောလောဆယ် ကျွန်တော်တို့ဆီမှာလည်းခေါ်နေတဲ့ “စပွန်ဆာ”  ပေါ့။  သူတို့ဆီမှာတော့ 5C လို့ခေါ်ကြတယ်။  အရွယ်လွန်အလွှာကျတော့ ကျွန်တော့် အတွက် အနည်းငယ်ထူးဆန်းနေတယ်။  ရုပ်ရည်အားဖြင့်ကလည်း အပြစ်ပြောရက်စရာမရှိ၊  အချစ်ကလွဲလို့ ကျန်တာအားလုံးကလည်း ပြည့်စုံ။  သူတို့ရဲ့ဘ၀က တစ်ခါတစ်လေတော့ တော်တော့်ကို Depression ၀င်ဖို့ကောင်းလိမ့်မယ်လို့ထင်တယ်။  တစ်ခါတစ်လေကျတော့လည်း သူတို့ သွေးသားဆန္ဒတောင့်တချက်ကြောင့် တစ်ညတာ ချစ်သူတွေကို ရှာချင်ရှာပြန်ရော။  ဒီလိုနဲ့ပဲ အရွယ်လွန်တွေရဲ့ဘ၀က ဆက်သွားဦးမယ်ထင်တာပါပဲ။  Urban City တွေရဲ့ Night Life ကတော့ လက်လက် မြူးတူးဆဲပေါ့။
Photo Source : (Link)

5 comments:

  1. အိုးးးးးးးးးးးးးးးးး
    မိုးနတ်တစ်ခါမှ မသိဘူးတဲ့ အကြောင်းအရာပါလား ?
    အံ့သြစရာ...ဒါမျိုးတကယ်ရှိတယ်လား OMG !!!

    ReplyDelete
  2. thanks u for ur post & i got knowledge about China.

    ReplyDelete
  3. ဒီခေတ်ရဲ့  လက်ရှိပြသနာပေါ့...

    ReplyDelete
  4. [lonliness in the crowd] လူအုပ်ထဲက အထီးကျန် .[thirst in the amidst of water.]ပင်လယ်ထဲမှာရေငတ်သူ

    ReplyDelete
  5. အလုပ်အကိုင် မအားလပ်၍ ချစ်သူရည်းစား၊ အိမ်ထောင်ဖက် ရှာဖွေရန် အချိန်မရသည့် လူပျိုကြီးများအတွက် ကုမ္ပဏီမှတစ်ဆင့် အိမ်ထောင်ဖက် ရှာဖွေနိုင်ပြီဟု မြန်မာသူငယ်ချင်းများ ရှာဖွေသူ ကုမ္ပဏီလီမိတက် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ဒီကုမ္ပဏီလိပ်စာ သိရင် ပြောကြပါဦး။

    ReplyDelete