စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, July 7, 2012

သမီးလေး


            ဖ၀ါး လက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်ဆိုတာက ကျွန်တော့်အတွက်တော့ မဟုတ်ဘူး။  ကျွန်တော့်ရဲ့ သမီးငယ်လေးက မွေးဖွားရင် အူဝဲလို့မအော်တတ်ဘူး။  သူ့ကို လူတွေက နီရဲပူပြင်းလှတဲ့ မီးလျှံတွေနဲ့ ဖြတ်တောက်ကြတယ်။  ပြီးတော့ သူ့ကို တစ်ပိုင်းချင်း တစ်ပိုင်းချင်း၊ တစ်ခုချင်း တစ်ခုချင်း တွဲစပ်ကြတယ်။ ဒီလိုနဲ့ သမီးလေး တစ်ယောက်မွေးဖွားခဲ့တယ်။  ဒီလိုပဲ သမီးငယ်လေးများစွာ မွေးဖွားခဲ့တယ်။  အနာဂတ်မှာလည်း သမီးငယ်လေးများစွာ မွေးဖွားလိမ့်ဦးမယ်။  ကျွန်တော့်အလုပ်က ဒီသမီးငယ်လေးတွေကို ကြည်ရှု့စောင့်ရှောက်ပေးဖို့ပေါ့။ 
          သမီးလေးတွေဆိုတာက ကျွန်တော်ဆောက်နေတဲ့ သင်္ဘောတွေပေါ့။  သင်္ဘောတွေကို “She” လို့ သုံးနှုံးကြရင် ကျွန်တော်ဆောက်တဲ့ သင်္ဘောတွေဟာလည်း ကျွန်တော့ သမီးငယ်လေးတွေပဲပေါ့။   ကိုယ်ဝန်စရှိပြီ ဆိုကထည်းက မိခင်တွေဟာ အပူ၊ အစပ်၊ အခါး စတာတွေကို ရှောင်ပြီးတော့ စားချိန်တန်ရင်စား၊ အိပ်ချိန်တန်ရင်အိပ်ပြီးတော့ အနာဂါတ်ရဲ့ ရင်သွေးငယ်ကလေးတွေကို စောင့်ရှောက်ရသလိုပဲ… ကျွန်တော်တို့လည်း သင်္ဘောတစ်စီး စတင် မမွေးဖွားခင်ကထည်းက ဒီဇိုင်းအဆင့်မှာ ကျွန်တော်တို့ရဲ့ ရင်သွေးလေး ပင်လယ်ပြင်ကြီးပေါ်မှာ ရာသီဥတုဒဏ်ကို ကြံကြံခံနိုင်ဖို့ သင်္ဘောရဲ့ ဒီဇိုင်း ပြည့်စုံသည်ထက်ပြည့်စုံအောင်၊ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် တစ်ဆင့်ပြီး တစ်ဆင့် မွန်းမံကြရတာပေါ့။  သမီးလေးရဲ့ ခန္ဓာကိုယ် ကြံခိုင်သည်ထက်ကြံခိုင်လာအောင်၊ သမီးလေးရဲ့ စွမ်းရည်တိုးတက်သည်ထက်တိုးတက်လာအောင် အထပ်ထပ်အခါခါ အိပ်ရေးတွေပျက်လို့၊ အပင်ပန်းခံပြီးတော့ သမီးလေး ရုပ်လုံးပေါ်လာအောင် ကြိုးစားခဲ့ကြတယ်။

အချောသပ်ထွက်လာတဲ့ တည်ဆောက်မှု့ အသေးစိတ် ဒီဇိုင်းများထဲမှ တစ်ခု


          သမီးလေး အဏ္ဏ၀ါရေပြင်ကျယ်ကြီးကို ဦးကိုမော့၊ ရင်ကိုကော့ပြီး ဖြတ်သန်းနိုင်အောင် တည်ဆောက်မှု့လုပ်ငန်းတွေမှာလည်း မျက်ခြေမပျက် စောင့်ကြည့်ရပြန်ရော။  သမီးလေးကို ထုဆစ်နေကြသူတွေ ကောင်းမွန်စွာမှ ထုဆစ်ကြရဲ့လား၊ မှန်ကန်စွာမှ ထုဆစ်ကြရဲ့လား ဒါတွေကိုလည်း တောက်လျှောက်ကို လိုက်ကြည့်ရပြန်ရော။  နီနီရဲတဲ့မီလျှံတွေနဲ့ သမီးလေးရဲ့ ကိုယ်ထည်ကို ဖြတ်တောက်ကြပြီးတော့ တွဲစပ်တဲ့ အခါမျိုးဆိုရင်တော့ သတိကြီးကြီးထားပြီးတော့ စောင့်ကြည့်ရတာပေါ့။  သမီးလေးကို တပ်ဆင်ပေးမယ့် စက်အစိတ်အပိုင်းတွေရဲ့ ကြံခိုင်မှု့၊ စွမ်းရည်တွေကိုလည်း သမီးလေး ဆီကို မတပ်ဆင်ခင် ကထည်းက သွားပြီးတော့ စောင့်ကြည့်၊ လေ့လာခဲ့ရတယ်။  သမီးလေးကို လှပစေဖို့၊ ရာသီဥတုဒဏ်က ကာကွယ်နိုင်ဖို့ ဆေးတွေ သုတ်လိမ်းပေးရင်လည်း ကျွန်တော် စောင့်ကြည့်နေရတာပဲ။  ဒီလိုနဲ့ သမီးလေးဟာ အခုဆိုရင် အတော်ရုပ်လုံးကြွလာနေပြီ။  ကိုယ့်မျက်စေ့အောက်မှာပဲ သမီးလေးဟာ ၀ံဝံထည်ထည်နဲ့ ပေါ်လာပြီ။  ဒီနေ့ သမီးလေးကို ထုဆစ်နေကြသူတွေက သမီးလေးရဲ့ အစိတ်အပိုင်းတစ်ခုကို တွဲစပ်ကြတော့မယ်။ အမေတွေ သားချောသီချင်းဆိုပြီး သမီးလေးကို ချော့သိပ်သလိုပေါ့… သမီးလေးကိုလည်း ပုခက်ထဲထည့်ပြီးတော့ ချော့သိပ်ကြတာမြင်တော့ ၀မ်းသာမိတယ်။

သံဆိုတာဟာ တကယ်တော့ စက္ကူပါပဲလေ... သူတို့လဲ စက္ကူလေး တစ်ချပ်လိုပေါ့.. လေထဲမှာလွင့်လို့...

ဒီလိုနဲ့ ဒီစက္ကူလေးတွေ မာကျောလာအောင် ပံပိုးပေးကြရင်း သူမကို ကြံခိုင်စေခဲ့တယ်...

စက္ကူလေးတွေကို တစ်ချပ်ပြီး တစ်ချပ် တွဲစပ်ကြရင်းနဲ့ပေါ့....

ဒီလိုနဲ့ပဲ သူမဟာ တဖြည်းဖြည်းနဲ့ ပင်လယ်ပြင်ကို အံတုလာနိုင်ခဲ့တာပေါ့...



သူမဟာ ခုတော့ အရိုးပြိုင်းပြိုင်းဖြစ်နေပေမယ့် တစ်နေ့မှာတော့ ပင်လယ်ပျော်ကြီး ဖြစ်တော့မှာ


သူမကို အပိုင်းလိုက်ဆောက်ပြီးတော့ တွဲစပ်ကြလေရဲ့... ဒါကတော့ ပြီးသွားတဲ့ အပိုင်းကို တွဲစပ်မယ့်နေရာကို ရွှေ့နေကြတာ...

သူမရဲ့ အစိတ်အပိုင်းတစ်ခုကို တွဲစပ်မယ့်နေရာကို ရွှေ့နေကြတာပေါ့... ဒီအပိုင်းက နဲနဲကြီးတော့  တန်၁၆၀၀ Floating Crane သင်္ဘောနဲ့ ရွှေ့ရတယ်.... ဒါပေမယ့် ကစားစရာအရုပ်ကလေးလိုပဲလေ.. မဟုတ်ဘူးလား?

          ဒီလိုနဲ့ သမီးလေးဟာ တဖြည်းဖြည်းနဲ့ ကြံခိုင်လာတော့မယ်။  မကြာခင်မှာ အဏ္ဏ၀ါရေပြင်ကြီးမှာ ဖြတ်သန်းနိုင်အောင် သမီးလေးကို စွမ်းအင်တွေ ဖြည့်ဆည်းပေးမယ်။  ပိုက်လိုင်းတွေ၊ လျှပ်စစ်၊ အင်ဂျင် စတာတွေကို စမ်းသပ်ရတော့မယ်။  ဒီတစ်လျှောက်လုံး သမီးလေးကို အရိပ်တကြည့်ကြည့်နဲ့ ထုဆစ်ရဦးမှာပေါ့။  ဒီလိုနဲ့ သမီးနောက်ထပ်တစ်ယောက်ကို မွေးဖွားရဦးမှာပေါ့။  တစ်ခါတစ်လေတော့လည်း ပင်လယ်ပြင်ကြီးမှာ ကိုယ့်သမီးလေးတွေ အားမာန်အပြည်နဲ့ ကူးဖြတ်နေတာကို တွေ့ရရင် ပီတိဖြစ်စရာတော့ အကောင်းသား……

သူမအတွက် တပ်ဆင်မယ့် စက်တွေကို ကြံခိုင်မှု့ စစ်နေတာလေ...

သူမအတွက် အားလုံး အသစ်... အားလုံးဟာ အသစ်ဖြစ်ရမယ်...

သူမကို ဆေးထိုးနေကြတာလေ... သူမရဲ့ မျက်နှာပြင်ကို ဆေးမသုတ်ခင် ဆားပါဝင်မှု့ ပမာဏကို သိချင်လို့ပေါ့..

ပြီးရင်တော့ ဆားပါဝင်မှု့ ပမာဏကို သိနိုင်ပြီပေါ့...

 
သူမကို သုတ်လိမ်းပေးထားတဲ့ ဆေးတွေရဲ့ အထူ အပါး DFT ကိုစစ်ဆေးနေကြတာ... သူမအတွက်တော့ အားလုံးဟာ စံမှီရမယ်...



သူမအတွက် အသက်လို့ဆိုနိုင်တဲ့ ပိုက်လိုင်းတွေပေါ့... မကြာခင်မှာ ဒီပိုက်လိုင်းတွေ အလုပ်လုပ်နိုင်မလုပ်နိုင် စစ်ရဦးမှာပေါ့လေ... ဒီလိုနဲ့ သမီးငယ်တစ်ယောက် ထပ်မံ မွေးဖွားဦးမယ်....





5 comments:

  1. ခုလိုလေးရေးတော့ စိတ်ဝင်စားစရာကောင်းသားဗျ...၊သင်္ဘောတည်ဆောက်ပုံ
    ကိုသာ ကျမ်းတစ်ဆောင်အနေနဲ့ချရေးခဲ့ရင်တော့ မဖတ်ပဲပြေးဖို့ အသင့်ပဲ :)))
    အချိန်တန်အရွှယ်ရောက်လို့ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ သမီးလေးတွေပုံ
    လည်း လုပ်ပါဦးဗျိုးးးးးးးးးး

    ReplyDelete
  2. သမီးလေးတဲ့ တင်စားပုံလေးက လှတယ်...:):)
    စိတ်ဝင်စားဖို့ ကောင်းတယ်...

    ReplyDelete
  3. သဘောင်္ဆောက်တာကို ကိုယ်လည်း မလုပ်တတ်ဘဲနဲ့ကိုစိတ်ဝင်စားမိတယ်။
    ငယ်တုန်းကဆို ဘယ်လိုများ ရေပေါ်ပေါ်နေပါလိမ့်ဆိုပြီး အရမ်းအံ့သြတာ။
    ကြီးလာမှ သဘောတရားနားလည်လာပြီး နည်းနည်း သိလာတာ
    သဘောင်္ကြီးတစ်ခုလုံးကို ပြီးပြည့်စုံအောင် ဆောက်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူးနော်။ လက်တွေ့လေ့လာကြည့်ချင်လိုက်တာ

    ReplyDelete
  4. လှလှပပလေး စိတ်ဝင်စားအောင် ချပြသွားတာပေါ့လေ ..

    ReplyDelete
  5. သမီးလေးတွေ ဘယ်လိုမွေးဖွားလာတာ စိတ်ဝင်စားဖို့ ကောင်းတယ်..

    ReplyDelete