စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, May 21, 2012

စိုက်မယ် ပျိုးမယ် ရွှေပြည်ကြီး တိုးတက်အောင်လို့ကွယ်


          မြန်မာပြည်ကြီး တံခါးဖွင့်တယ်ဆိုတဲ့ ကိစ္စက အတော့်ကို ကျွန်တော်တို့အာရုံကို ဖမ်းစားလှတယ်။  ဖမ်းစားတယ်ဆို ကိုယ့်နိုင်ငံ၊ ကိုယ်မွေးဖွားကြီးပြင်တဲ့နိုင်ငံ၊ ကိုယ့်ကို ပညာနို့ချို တိုက်ကျွေးတဲ့နိုင်ငံ၊ ကျွန်တော်တို့ ချစ်တဲ့နိုင်ငံ။  ဒီနိုင်ငံကြီး တိုးတက်တာကို မြန်မာနိုင်ငံသားတိုင်း မြင်ချင်လှသည်။  ဒီတော့ တံခါးတွေဖွင့်ရင် ဘာလုပ်ကြမဒုန်း။  နိုင်ငံတကာ ရင်းနှီးမြှပ်နှံသူများ လာကြတော့မည်လော။  လာကြသည်။ အတန်အသင့်လာကြသည်။ မြန်မာနိုင်ငံမှာရှိသော Facility အပေါ်ကြည့်ကြသည်၊ Policy ပေါ်ကြည့်ကြသည်၊ Transparency ပွင့်လင်းမြင်သာမှု့ပေါ်ကြည့်ကြသည်။  ထို့ကြောင့် အတိုင်းအတာတစ်ခုအထိ ကြန့်ကြာနေသည်။  အစိုးရသစ်လက်ထက်မှာ “စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုတဲ့ ဦးတည်ချက် စာသားနေရာမှာ “စိုက်ပျိုးရေးကို ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှု့နိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ဆိုတဲ့ စာသားကို ပြောင်းလိုက်သည်  စာသားကို အရမ်းကြိုက်ပါသည်။

          သို့သော် “စိုက်ပျိုးရေးကို ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး”ဆိုတဲ့နေရာမှာ စိုက်ပျိုးရေးကို ဘယ်လို ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်မလည်းဆိုတဲ့ အချက်က အတော်လေးစိတ်ဝင်စားစရာ ကောင်းပါတယ်။  ဟိုနိုင်ငံ ဒီနိုင်ငံကလည်း စီးပွားရေး ပိတ်ဆို့မှု့တွေ တစ်စ တစ်စ လျှော့ချလာပြီဆိုတော့ အရင်လို ပို့ကုန်တွေကို ဈေးနှိမ်ပြီး သွင်းနေရတဲ့ နိုင်ငံတွေထက်စာရင် ခုပိုပြီးတော့ အခွင့်အလမ်းပိုမို များပြားလာပြီလို့ ထင်မိပါတယ်။  မှတ်မိပါရဲ့.... ကျွန်တော့် သူငယ်ချင်း အစ်ကိုကြီးတစ်ယောက်နဲ့ စကားလက်ဆုံကျတုန်း သူပြောတာမှတ်မိသေးတယ်။  မြန်မာပြည်ဟာ အစ္စရေးနိုင်ငံနဲ့ တစ်နှစ်ထဲ လွတ်လပ်ရေးအတူရ၊  အဲ့ဒီတုန်းကလည်း ဒီမိုကရေစီ စနစ်ကို အုတ်မြစ်ချဖို့ ကြိုးပမ်းကြတဲ့အချိန်၊ ဦးနုနဲ့ အစ္စရေး ၀န်ကြီးချုပ်တို့ အတော် ရွှေလမ်းငွေလမ်းဖြောင့်တုန်းက အစ္စရေး ၀န်ကြီးချုပ်ကြီးလာတော့ ပုဂံကို ရဟတ်ယဉ်နဲ့ လိုက်ပို့ပါသတဲ့။  လိုက်ပို့လေတော့ ရဟတ်ယဉ်ပေါ်ကနေ ပုဂံကို သွားမှာ ကောင်းကင်ပေါ်ကနေ ဧရာဝတီမြစ်ကြီးကို မြင်ရပါသတဲ့။  မြစ်လဲမြင်ရော အစ္စရေးသမ္မတ ဘာပြောကောင်းမလဲ ထိုင်ရာကထလို့ ဟာ ဟိုမှာ ဟိုမှာ မြစ်ကြီးလို့ အံသြတကြီး ပြောတယ်လို့ ဆိုပါတယ်။  မြန်မာအဖွဲ့ကလဲ အင်းလေ အဲ့ဒါ ဧရာဝတီ မြစ်လေ ဘာဖြစ်လို့တုန်းဆိုတော့… ဟင် မင်းတို့နိုင်ငံမှာ ဒီလောက်ကြီးတဲ့ မြစ်ရှိသကိုး။  အစ္စရေးမှာသာ ဒီလိုမြစ်မျိုးရှိလို့ကတော့ အရှေ့အလည်ပိုင်း တစ်ခွင် တက်တက်စင်အောင် သိမ်းပြီးပြီလို့ ဆိုတယ်လို့ဆိုပါတယ်။  ဒါ့ကြောင့်လည်း အစ္စရေးတို့ဟာ သူတို့ရဲ့ ရေချိုအရင်းအမြစ်ဖြစ်တဲ့ ဂျော်ဒန်မြစ်ကို သေရေးရှင်ရေးတမျှ တန်ဖိုးထားပြီး ပိုင်ဆိုင်ဖို့ကြိုးစားသလို သဲကန္တာရထဲမှာ စိုက်ပျိုးရေးကို ထွန်းကားအောင် ကြံဆောင်ခဲ့ကြပါတယ်။  ကျွန်တော်တို့တွေလည်း နိုင်ငံရဲ့ သယံဇာတတစ်ခုဖြစ်တဲ့ မြစ်ဧရာကို အမြတ်တနိုး တန်ဖိုးထားရမှာပါ။



 မဒမ်ကိုး ဘလော့ဂ်မှာ ကိုရင်က သတို့သမီးရဲ့ ဒိုင်ယာရီ ဆိုပြီး ဧရာဝတီမြစ်အကြောင်းကို စုံစုံစေ့စေ့ဖော်ပြထားလို့ တစ်ကယ်လည်း ဗဟုသုတရသလို၊ အချိန်ရော၊ ဥာဏရော အပင်ပန်းခံ ပြီးပြုစုပေးတဲ့ ကိုရင့်ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။  အခြားအခြားသော ဘလော့ဂ်တွေမှာလည်း ဧရာဝတီမြစ်နဲ့ မြစ်ဆုံစီမံကိန်း ပါတ်သတ်ပြီးတော့ စုပေါင်းရေးကြလို့ ကျေးဇူးတင်မိပါတယ်။  ဧရာဝတီဟာ မြန်မာပြည်ရဲ့ စိုက်ပျိုးရေး ကဏ္ဍအတွက် အသက်သွေကြော အရင်းအမြစ်တစ်ခုဖြစ်လေတော့ ဒီအရင်းအမြစ်ကြီးဟာ စိုက်ပျိုးရေးကို ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်မယ်ဆိုတဲ့ စီးပွားရေးဦးတည်ချက် အတွက် အသက်တမျှ အရေးကြီးလှပါတယ်။  ဒါကိုမှ ၉၀၊ ၁၀ ရာခိုင်နှုန်းဆိုပြီး မြစ်ကြီးကိုထိုးရောင်းလိုက်ရင်၊ ဒီအတွက် ဒီမြစ်ကြီးခံစားရမယ့် ဝေဒနာတွေ၊ ဒီမြစ်ကြီးကို တည်မှီနေကြတဲ့ တောင်သူလယ်သမားတွေ စတဲ့ စတဲ့ အချက်တွေကို စဉ်းစားလိုက်ရင် ရင်ထဲ မချိစရာပါ။ ဒီမြစ်ကြီး ကောသွားမလား၊ မကောဘူးလား ငြင်းချင်ရင် စာအုပ်စုံချ၊ အကိုးအကားတွေချ၊ ရေတစ်ဘူးဘေးမှာထား နေ့မအိပ်၊ ညမအိပ် ပါးစပ်အမြှုပ်ထွက်အောင် ပြောလို့ရပေမယ့်  ဘယ်သူက ကျွန်တော်တို့ ဧရာဝတီမြစ်ကြီး မကောပါဘူးလို့ အာမခံနိုင်ပါသလဲ။  ကျွန်တော်တို့အတွက် ဧရာဝတီဟာ လောင်းကြေးထပ်ပြီး စမ်းသပ်ရမယ့် အစမ်းသပ်ခံမဟုတ်ပါဘူး။  တစ်ခုခုဖြစ်ခဲ့ရင် တစ်ကယ်ခံစားရမှာက မြန်မာနိုင်ငံနဲ့ သန်း ၆၀သော မြန်မာပြည်သူပြည်သားတွေပါ။  ဒီမြစ်ကြီး တစ်ခုခုဖြစ်လို့ မြန်မာပြည်သားတွေ ဒုက္ခရောက်ရင် တစ်ခြားတိုင်းပြည်က ဆန်တစ်စေ့တောင် သြော်.. သနားလိုက်တာ ရော့..အင့်..ဆိုပြီး အလကား လာပေးလိမ့်မယ် မထင်ပါနဲ့။  ပေးလည်း မြစ်ကြီးထိုးပေးပြီးမှ ပြန်လက်ဖြန့်တောင်းရတဲ့ (လက်ဖြန့်တောင်းပြီဆိုမှတော့ အင်း… ထားပါတော့လေ) အဲ့ဒီလို နိုင်ငံဖြစ်သွားမှာပေါ့။  ဒီတော့ ဒီလိုနိုင်ငံ သဲပွတ်နှလုံး ဧရာဝတီကို ရေစုန်မျှောလိုက်ရင် စိုက်ပျိုးရေးကို ပိုမိုဖွံဖြိုးတိုးတက်အောင် ဘယ်လိုဖော်ဆောင်မတုန်း။ 

ရေးရင်း ရေးရင်းနဲ့ လမ်းက ချော်ထွက်သွားလို့ စိုက်ပျိုးရေးအကြောင်း ပြန်ဆက်ပါရစေ ခင်ဗျာ။ ဆရာကြီး အောင်သင်းရဲ့ ဟောပြောပွဲတစ်ခုမှာလည်း အစ္စရေးက စိုက်ပျိုးရေး ပညာရှင်တွေကို လစာပေးလို့ မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးနဲ့ပါတ်သတ်ပြီးတော့ စမ်းသပ်ဖို့တာဝန်ပေးတာမှာ နောက်တော့ သကောင့်သားတွေလဲ ပြည်တော်ပြန်တယ်လို့ဆိုပါတယ်။  ဘာဖြစ်လို့လဲမေးတော့ မင်းတို့ မြန်မာပြည်မှာက စိုက်သမျှ အကုန်ပေါက်နေတော့ ဘာထပ်စမ်းရဦးမတုန်းလို့ ဆိုလေသတဲ့။  ဒီတော့ စိုက်သမျှ အကုန်ပေါက်ပါပြီ၊ ပေါက်ပေမယ့် ထွက်သမျှက ကြုံလှသေးကွေးလို့ ပြည်ပပို့ဖို့ စံမမှီရင်လည်း ဈေးကောင်းက မရ။  ဒီကြားထဲ အရင်တုန်းက ဟိုနိုင်ငံ ဒီနိုင်ငံတွေက ပို့ကုန်၊ သွင်းကုန်တွေကို သပိတ်မှောက်လို့ ပိတ်။  အထွက်တိုးဖို့ ဆင်းရွှေလီစပါးလိုမျိုး မျိုးတုန်း(မျိုးမရတဲ့ ပံသကူ ဓာတ်မြေသြဇာစား ဓာတု စပါး) တွေကို စိုက်တာမျိုးလိုလည်း မပြောလို။  ရီဆာခ်ျအင် ဒီဗယ်လော့မန့်ဆိုတဲ့ ဟာမျိုးကလည်း အရင်တုန်းက ငွေဖြုန်းတယ်လို့ အပြောခံရပြီး ဘတ်ဂျက်ကိုဖြတ်လေတော့ မျိုးသန်အောင် မိုးနတ်မင်းကြီးကိုသာ ဆုတောင်းရမလိုလို။  ခုလက်ရှိသုံးနေတဲ့ ဓာတ်မြေသြဇာဈေးတွေကလည်း နတ်ပြည်နဲ့ လူပြည်ကွာသလို၊  တစ်ခါတစ်ခါတွေးကြည့်ရင် စိုက်ပျိုးရေးကို ဘယ်ပုံဘယ်နည်း ပိုမိုတိုးတက်အောင်ဆောင်ရွက်မတုန်းဆိုတာက အတော့်ကို ခေါင်းခဲစရာ ပြဿနာတစ်ခုလို ဖြစ်နေပါတယ်။ 

 ကျွန်တော်က စိုက်ပျိုးရေးသမားလည်းမဟုတ်တော့ ဘယ်အသီးအနှံကို ဘယ်လိုမျိုးစပ်ရင် ဘယ်လို ပိုးဒဏ်တွေကို ခံနိုင်ရည်ရှိ၊ ဘယ်လောက်အထွက်တိုး ဒါတွေလည်း နားမလည်ပါဘူး။  သို့ပေမယ့် ထွက်တဲ့ သီနှံတွေကိုတော့ နိုင်ငံတစ်ကာကို ထိုက်ထိုက်တန်တန်ဈေးနဲ့ တင်ပို့ရောင်းချနိုင်မယ့် မြန်မာတောင်သူလယ်သမားကြီးတွေရဲ့ အခွင့်အလမ်းပွင့်တာကိုတော့ မြင်ချင်လှပါတယ်။    ဒီအတွက် တင်ပို့မယ့် သီးနှံတွေကလည်း နိုင်ငံတကာ အဆင့်မှီဖို့၊ နိုင်ငံတစ်ကာက ၀ယ်ယူသုံးစွဲသူတွေ ယုံကြည်စိတ်ချမှု့ရှိဖို့ စတဲ့ စတဲ့ အချက်တွေ ပြည့်စုံဖို့ လိုမှာပါ။  ဒါတင်လားဆိုတော့ ဘယ်ဟုတ်ဦးမလဲ၊ ကို့ယ်နိုင်ငံက တင်ပို့တဲ့ သီးနှံတွေဟာ အများသူငါ နိုင်ငံတစ်ကာက လက်ခံနိုင်ဖို့ အသိအမှတ်ပြု ထောက်ခံစာ Certificate တွေလည်း လိုမှာပါ။ 

အဲ… ဟိုရက်တော့ ကော်ဖီကြိတ်စက်ထဲကို ကော်ဖီစေ့ထည့်ကြိတ်ပြီး ကော်ဖီသောက်မယ်လုပ်တော့ ကော်ဖီအိတ်မှာ Rain Forest Alliance ဆိုပြီး ဖားရုပ်ကလေးနဲ့တံဆိပ်ကလေးကို တွေ့မိပါတယ်။  အဲ့ဒီကော်ဖီထုပ်ဟာ ဥရောပက ၀ယ်လာတာလို့ အနှီကော်ဖီဝယ်လာသူက ပြောပါတယ်။  ဒါနဲ့ အငြိမ်မနေ ဂူဂဲလ်ထဲမှာ ရိုက်ရှာကြည့်လိုက်တော့ Rain Forest Alliance အကြောင်းလေး အနည်းငယ် သိခွင့်ရသပါတယ်။ Rain Forest Alliance ဆိုတာက Third Party အာမခံကုမ္ပဏီတစ်ခုပါ။  သူကနေပြီးတော့ သီးနှံစိုက်ပျိုးကြတဲ့ တောင်သူဦးကြီးတွေရဲ့ မြေယာတွေကို လေ့လာ၊ ဆန်းစစ်၊ အကြံပေးပြီး သူ့ရဲ့ စံနှုန်းနဲ့ ကိုက်ညီရင်တော့ Rain Forest Alliance Certified နဲ့ Rain Forest Alliance Verified ဆိုတဲ့ တံဆိပ်တွေကို ထုတ်လုပ်သူတွေရဲ့ ထုတ်ကုန် သီးနှံတွေမှာ အသုံးပြုခွင့်ပေးပါတယ်။  ပေးတော့ဘာဖြစ်လဲ?  ပေးတော့ Rain Forest Alliance ကို ယုံကြည်စိတ်ချသူတွေက ကိုယ့်ရဲ့ သီးနှံတွေကို ၀ယ်ယူသုံးစွဲပါတယ်။  ဒီအတွက်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဈေးကွက်ကရှိလေတော့ သူ့ဈေးကွက်ထဲကို ကိုယ့်ပစ္စည်းတင်ပို့ပြီး ရောင်းလို့ရပါတယ်။  ဒီအတွက် ကမ္ဘာ့ဈေးကွက်ကို ကိုယ့်ရဲ့ ထွက်ကုန်တွေ လွယ်လွယ်ကူကူနဲ့ တင်ပို့လို့ရပါတယ်။  သူ Certified လုပ်တဲ့ သီနှံတွေကြည့်ပြန်တော့လည်း ငှက်ပျောသီး၊ နာနတ်သီး၊ ချောကလက်၊ ကော်ဖီ၊ လက်ဖက် စတဲ့ သီနှံပေါင်း ၁၀၀ ကျော်ကိုCertified ဖြစ်အောင်လုပ်လို့ရပါတယ်။  သီးနှံတွေ တော်တော်များများကလဲ မြန်မာပြည်တစ်ခွင် စိုက်သမျှပေါက်သော အပင်တွေသာ ဖြစ်ပါတယ်။  ဒီအတွက် ကျွန်တော်တို့တွေနဲ့လည်း ဒီလိုမျိုး Third Party တွေရဲ့ Certified Product ဖြစ်လာအောင် လုပ်ရင် လုပ်လို့ရပါတယ်။  ဒီလိုမျိုး Certified Product တွေ ကိုယ့်နိုင်ငံကထွက်လာပြီဆိုရင် နိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေတွေလည်း တိုးတက်လာမှာဖြစ်သလို၊ တောင်သူဦးကြီးတွေရဲ့ ဘ၀လည်း ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။  ၀င်ငွေတိုးလာရင် R&D (Research & Development) ကိုလည်း တစ်ပိုင်တစ်နိုင်လုပ်လာနိုင်ကြမှာပါ။  အစိုးရကလည်း အားတက်သရော ထောက်ပံပေးလို့၊ စိုက်ပျိုးရေးဘဏ်စနစ်တွေလည်း စနစ်တကျဖြစ်လာမယ်၊ နိုင်ငံတစ်ကာ အဆက်အသွယ်တွေလည်းများလာမယ်ဆိုရင်တော့ စိုက်မယ် ပျိုးမယ် ရွှေပြည်ကြီးက တိုးတက်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

No comments:

Post a Comment