စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, April 28, 2012

စားကြဦးမလား ဆူရှီ စစ်သင်္ဘောများ


          ဆူရှီ…. ဆူရှီ…. ဆူရှီ…..  ရွှေပြည်ကြီးကို ဆောင်းဦးရွက်ကြွေချစ်သက်သေ လိုမျိုး ရုပ်ရှင်ကားတွေ ထုတ်လွှင်ပြသလေတော့ အိမ်ရှင်မတွေရဲ့ သဲခြေကြိုက်တွေ ဖြစ်ကုန်တော့တာကိုး။  ကျန်တာတွေခေါက်ထား ကိုးရီးယားကားလာလို့ကတော့ အိမ်ဦးနတ် ဗိုက်ဟောင်းလောင်းပဲဖြစ်ဖြစ်၊ ရပ်ကွက်ထဲမီးပဲ လောင်လောင် ည ၈နာရီကျော်မှ ကျန်တာလာပြော၊ ခုတော့ လက်ကိုင်ပ၀ါလေးကိုင်လို့ မျက်ရည်စမ်းစမ်းနဲ့ ဗီဒီယိုကားတို့ နုသမျှ ကိုယ်တွေက ခံရရှာတော့တာ။  ဟင် ဟိုအကောင်က မိုက်ရိုင်းလိုက်တာ… ငါ့ မင်းသားလေးကိုများ ထိုးရက်လိုက်တာ၊ ဟင် ဟိုကောင်မက အရှက်မရှိ ဖြတ်ခုတ်သေးတယ်… မင်းသမီးလေးခမျာ သနားစရာနဲ့ တစ်ကားနဲ့ တစ်ကား မရိုး၊ မရိုးနိုင် ဇတ်စုံခင်းတော့ သကိုး။  ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ….ကိုးရီးယား၊ ဂျပန် တို့ရဲ့ ယဉ်ကျေးမှု့တွေ ပျံနှံလာပြီး ရွှေမြို့တော်ကြီးတွေမှာ ကိုးရီးယားဆိုင်၊ ဂျပန်ဆိုင်တွေ ဟိုမှာ တစ်ဆိုင်၊ ဒီမှာ တစ်ဆိုင်နဲ့ တွင်တွင်ကျယ်ကျယ်ဖြစ်လာကြသလို၊ ကိုရီးယား ဖက်ရှင်လိုလို ဟာတွေလဲ လူငယ်တွေကြား ရေပန်းစားလို့ ဆံပင်တွေလဲ အနက်ရောင်ကနေ ရောင်စုံတွေဖြစ်၊ အ၀တ်အစား ၀တ်ဆင်မှု့ဟန်ပန်တွေလဲ ပြောင်းကုန်ကြပါပြီ။
          ကဲ ဟောဒီမှာတော့ ဂျပန်တွေကတော့ ပုံမှန် ဆူရှီလိပ်တွေနဲ့ မတူတမူထူးခြားတဲ့ စစ်သင်္ဘော ဆူရှီပါတဲ့။  ဆူရှီချစ်သူတွေကတော့ ဂန်ကန်မာကိ လို့ခေါ်တဲ့ စစ်သင်္ဘောပုံစံ ဆူရှီများကို ပုံမှန်ဆူရှီလိပ်တွေထက် အမြင်ဆန်းပြီး စစ်သင်္ဘောပုံစံအသွင် ပြုလုပ်စားသုံးနိုင်ကြပါပြီ။  ဒီ စစ်သင်္ဘောဆူရှီကိုတော့ မာယုကာ နာကာမူရာ က ဖန်တီးလိုက်တာပါ။  “ပထမတော့ ကျွန်မဟာ စစ်သင်္ဘောတွေကို စိတ်ဝင်စားပါတယ်။  နောက်ပြီးတော့ လူတွေဘာဖြစ်လို့ အစားအစာတွေကို ဒီလို စစ်သင်္ဘောပုံစံတွေ မလုပ်ကြသလဲလို့ စဉ်းစားမိရင်းကနေ စစ်သင်္ဘောဆူရှီကို ဖန်တီးလိုက်တာပါလို့” ဆိုပါသတဲ့။


          ခုတော့ နာကာမူရာဟာ ဆူရှီသင်္ဘောပုံစံ ၁၁ ခုကို ဖန်တီးထားပြီး အဆိုပါ ဆူရှီသင်္ဘောလုပ်နည်းကို စာအုပ်ထုတ်ဖြန့်ဝေဦးမယ်လို့ ဆိုထားပါတယ်။  ဒီလိုစာအုပ်မျိုး မြန်မာလို ဘာသာပြန်၊ ခါတော်မီ ထုတ်ရောင်းလိုက်ရရင် အကိုက်လို့တောင် တွေးမိလိုက်သေးတယ်။  သို့ပေမယ့် တစ်ခုသတိထားရမှာက ဆူရှီတွေရဲ့ အသက်ဟာ လတ်ဆတ်မှု့ပဲဖြစ်ပါတယ်။  ပင်လယ်ငါးတွေ အသုံးပြုတဲ့အခါမှာ သိုးလွယ်၊ ပုပ်လွယ်တာမို့ ဆူရှီတွေကို အပူချိန်နိမ့်တဲ့ နေရာတွေမှာ ထားသိုရမှာပါ။  ရေ၊ မြေ သဘာဝကွာခြားပြီး လျှပ်စစ်ဓာတ်အား ပိုလျှံနေတဲ့ ရွှေပြည်ကြီးက ဆိုင်တွေမှာတော့ လတ်ဆတ်တဲ့ ပင်လယ်ငါးတွေကို ဘယ်လို ထားသိုကြမယ်ဆိုတာ မသိလေတာမို့ ပင်လယ်ငါးပါတဲ့ ဆူရှီတွေကို စားခါနီးရင်ဖြင့် လတ်ဆတ်သလားဆိုတာကို အရင် စဉ်းစားပြီးမှ စားတော်မူကြပါ။  မဟုတ်ရင်တော့ ပန်းကမ္ဘာမှာ စုန်ချည်ဆန်ချည်မျောလို့  ကြယ်ကလေးတွေ မျက်စိထဲမှာ တစ်လည်လည်ဖြစ်နေကြပါဦးမယ်။
          မည်သို့ပင်ဆိုစေ… အိုပါးတို့.. အာနီယော စဲယောတို့… အိုဟိုင်းယိုး ဂိုဇိုင်းမတ်စု တို့ ခေတ်ကြီးထဲမှာ ခေတ်ရဲ့ ယဉ်ကျေးမှု့ စီးမျောခြင်းကို စီးမျောခြင်းလို့သာ လက်ခံချင်ချင်၊ မခံချင်ချင် လက်ခံရလေတော့… ကဲ စစ်သင်္ဘော ဆူရှီများကို စားကြစို့ရယ်… 



Source : (Link)

2 comments:

  1. ဆူရှိ ကြိုက်တယ် ခဏခဏ၀ယ်စားတယ် မလုပ်တတ်လို့
    ကိုးရီးယားနဲ့ ဂျန်ပန်နဲနဲမတူဘူးထင်တာပဲ japan ကပိုပြီးစားကောင်းတယ်
    သဘောင်္ပုံဆိုတော့ ကြီးမှာပဲ တစ်ခုထဲနဲ့ဗိုက်ပြည့်ပြီ

    ReplyDelete
  2. ဆူရှီစားဖူးလား မစားဖူးဘူးလား မသေချာဖူး
    ကောင်းမယ်ထင်တယ်နော်
    ဘာရယ်လို့ အာသီသမရှိတတ်သူမို့ ကြုံရာလွေးတတ်သူမို့
    ဘာရယ် ညာရယ် ကောင်းတယ် မကောင်းတယ်လည်း မှတ်ထားတတ်ဖူး
    စားလိုက်တာပါပဲ
း)

    ဝယ်ကျွေးသူများရှိရင်တော့ ချီးမြောက်ရပေမပေါ့လေး)း)

    ReplyDelete