စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, August 17, 2011

တရုတ်ပြည် တက္ကသိုလ်ဝင် စားမေးပွဲ၌ ခိုးချရန် ပံပိုးခဲ့သူ ကလေးမိဘများအား ထောင်ဒဏ် အပြစ်ပေး


တရုတ်ပြည်တွင် တက္ကသိုလ်ဝင်စာမေးပွဲ (တရုတ်အခေါ် “gaokao” ဟုအသံထွက်သည်) ၌ သူတို့၏ ကလေးများ စာမေးပွဲတွင် အမှတ်များများဖြင့် အောင်မြင်စေရန် ဟန်းဖုန်းများ၊ ၀ါယာလက် နာကျပ်များ အစရှိသည့် နည်းပညာမြင့် ပစ္စည်းများကို အသုံးပြုကာ စာခိုးချရန် ကူညီခဲ့သည့် ကလေးမိဘ ၈ ဦးကို ဥပဒေချိုးဖောက်မှု့ဖြင့် ထောင်ဒဏ်အပြစ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
ပြည်တွင်း အာဏာပိုင်များရဲ့ အဆိုအရ ထိုကလေးမိဘများဟာ လွန်ခဲ့တဲ့ ၂၀၀၇ ခုနှစ်ထဲက ထိုစာမေးပွဲမှာ သူတို့ရဲ့ ကလေးတွေ စာခိုးချလို့ရအောင် ဘယ်လိုလုပ်မယ်ဆိုတာကို တိုင်ပင်ခဲ့တယ်လို့ဆိုပါတယ်။
ထိုအထဲမှ ကလေးမိဘ တစ်ယောက်ကတော့ တက္ကသိုလ်မှ ကျောင်းသာလေးများကို သူတို့ ကလေးတွေ စာမေးပွဲခန်းထဲတွင် ဖြေနေတုန်း အဖြေတွေကို ပြောပေးဖို့ ငှားရမ်းခဲ့ပါတယ်။ ဒါပေမယ့် ရဲ အရာရှိတွေက စာမေးပွဲခန်းပတ်ဝန်းကျင်မှာ မူမမှန်တဲ့ ရေဒီယို ထုတ်လွှင့်မှု့များ (abnormal radio singals) ကို တွေ့ရှိပြီး ရှာဖွေရာမှ အဆိုပါ ကူလီကူမာ ဇာတ်ကြောင်းကို ဖော်ထုတ်မိတယ်လို့ သတင်းစာက ဖော်ပြပါတယ်။

ဒါကြောင့် ကလေးမိဘတွေဟာ နိုင်ငံရဲ့ ဥပဒေကို ချိုးဖောက်မှု့ဖြင့် ထောင်ဒဏ် ၆လမှ ၃ နှစ်အထိ ကျခံရဖွယ်ရှိပြီး ကလေးတွေနဲ့ ပတ်သတ်ပြီးတော့တော့ ထည့်သွင်းပြောကြားခြင်း မရှိခဲ့ပါဘူး။
တရုတ်နိုင်ငံမှာတော့ နှစ်စဉ် တက္ကသိုလ်ဝင် စားမေးပွဲဖြေဆိုချိန်တွင် တင်ကျပ်တဲ့ ပြစ်ဒဏ်များ ချမှတ်ထားသော်လည်း အဆိုပါဖြစ်ရပ်မျိုး ဖြစ်ပွားဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ ဂျူလိုင်လက ဖြေဆိုသူ ၉.၂ သန်းရှိခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ ပြောစကားအရတော့ စာမေးပွဲ မေးခွန်းလွှာတွေကို ပိုက်ဆံပေးဝယ်တာ၊ ဖုန်းတွေ၊ electronic dictionary တွေထဲမှာ အဖြေလွှာတွေခိုးထည့်တာ၊ လူစားထိုးပြီး ဖြေခိုင်းတာ စတာတွေကို ပြုလုပ်နေကြဆဲဘဲလို့ ဆိုပါတယ်။ ဒါကြောင့် တရုတ်အစိုးရဟာ တစ်နှစ်ထက်တစ်နှစ် စာမေးပွဲနှင့်ပတ်သတ်တဲ့ မသာမာမှု့တွေကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်လာတာကိုတွေ့မြင်နေရပါတယ်။
တက္ကသိုလ်ဝင် စားမေးပွဲဟာ သူတို့ဆီမှာ ကလေးတစ်ယောက်ရဲ့ ဘ၀ရပ်တည်ချက်ကို များစွာပြောင်းလဲစေပါတယ်လို့ဆိုပါတယ်။ Grade A ရတဲ့ကလေးတွေဟာ တက္ကသိုလ်ကောင်းကောင်း ကို လွယ်ကူစွာ ၀င်ရောက်နိုင်ပြီး အဆိုပါ သူရဲ့ မှတ်တမ်းတွေမှတစ်ဆင့် နိုင်ငံဝန်ထမ်း အဖြစ်တာဝန်ထမ်းဆောင်နိုင်ပါတယ်။
ကျွန်တော်တို့ ရွှေပြည်ကြီးမှာလဲ ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီ စနစ်ကြီး (Transparent Democracy) ဖော်ဆောင်ရာမှာ လူ့အခွင့်အရေးကို ချိုးဖောက်နေတဲ့ အဆိုပါ လုပ်ရပ်မျိုးကို ၀န်ကြီးမင်းများ အများရှေ့ချပြပြီး အရေးယူဆောင်ရွက်နိုင်ရင် တိုင်းထက်အလွန် ၀မ်းမြောက်မိမှာ အမှန်ဘဲဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်တစ်ပြည်ရဲ့ လူတော် လူကောင်းများ မွေးထုတ်ရာ ဇစ်မြစ်ဖြစ်ပါတယ်။ လူတော်(ပညာတတ်ဖို့) က သင်ယူလို့ရပါတယ်။ လူကောင်းဖြစ်ဖို့က စိတ်ဓာတ်ကို အောက်တန်းကျမသွားအောင် မွေးမြူရမှာပါ။
လွယ်လွယ်နဲ့ ရတဲ့ပညာဟာ စာရွက်တစ်ရွက်ကို ၀ယ်တာနဲ့ တူတူပါဘဲ။ ခေါင်းထဲမှာ ဘာမှမရှိဘဲ အဆိုပါ စာရွက်ကိုင်ထားတဲ့လူတစ်ယောက်ဟာ မျက်မမြင်တစ်ယောက် စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်နေသလိုဖြစ်နေမှာပါဘဲ။ ထိုလူသည်သာ အရေးကြီးတဲ့ အဖွဲ့အစည်း ဋ္ဌာန တစ်ခုခုမှာ ဆုံးဖြတ်ချက်ချရတဲ့ တာဝန်ကို ထမ်းဆောင်ခိုင်းမယ်ဆိုရင် အဆိုပါ အဖွဲ့အစည်းရဲ့ အနာဂတ်ဟာ သိပ်ရှည်ရှည်ဝေးဝေး တွေးနေစရာ မလိုပါဘူး။ ကျွန်တော်တို့နိုင်ငံအတွက် လိုနေတာ လက်ညှိုးထိုးတက်တဲ့လူတွေကို လိုနေတာမဟုတ်ပါဘူး။ လက်မထောင်နိုင်တဲ့ လူတွေကို လိုနေတာပါ။ အဖွဲ့အစည်းတစ်ခုမှာ လက်ညှိုးတွေများလာရင် ထိုအဖွဲ့အစည်းဟာ ရှေ့ကို မရွေ့တော့သလို၊ စည်းလုံးမှု့လဲ ပြိုကွဲသွားမှာပါ။ မိမိအလုပ်ကို မိမိပိုင်နိုင်ကျွမ်းကျင်တဲ့ လက်မထောင်နိုင်တဲ့ လူမျိုးတွေကို လိုအပ်တာပါ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့်ဆိုပြီး လက်ညှိုးထိုးနေရင် အချိန်ကုန် လေကုန်ဘဲ အဖတ်တင်ပါလမ့်မယ်။
ကွန်ဖျူးရှပ်ရဲ့ ဒသနတစ်ခုကို သတိရမိပါတယ်။ သူ့အထဲက စာသားတွေကကိုတော့ သေးစိတ်မမှတ်မိတော့ပါဘူး။ ဆိုလိုရင်းကတော့ ဒီလိုပါ “အင်ပါရာ တစ်ခုလုံးကို နိုင်နင်းစွာ အုပ်ချုပ်နိုင်တဲ့ မင်းဧကရာဇ် ဟာ ပထမဆုံး သူ့ကိုယ်သူ နိုင်နင်းစွာအုပ်ချုပ်နိုင်ရာပါမယ်တဲ့။ “နိုင်နင်းစွာ အုပ်ချုပ်ခြင်းဆိုသည်မှာ ဆိုးသည်၊ ကောင်းသည်၊ မှန်သည်၊ မှားသည် စသည်တို့ကို ဝေဖန်ပိုင်းခြားနိုင်တဲ့ အသိဥာဏ်နှင့် ပြည့်စုံရပါမယ်တဲ့။ ထိုသို့သော အသိဥာဏ်ကို ပညာဆည်းပူးလေ့လာခြင်းဖြင့်လည်းကောင်း၊ အတွေ့အကြုံမှ ရရှိသော သညာများမှ လည်းကောင်း ရယူရပါမယ်တဲ့။ ထိုကဲ့သို့သော အသိဥာဏ်နှင့် ပြည့်စုံမှသာလျှင် မိမိကိုယ်ကို ပြန်လည် သုံးသပ်ဆင်ခြင်နိုင်ပါမယ်တဲ့။ မိမိကိုယ်ကို သုံးသပ်ဆင်ခြင်နိုင်မှသာ ထိုသူရဲ့ လုပ်ရပ်ဟာ မှန်ကန်လာမယ်တဲ့။ လုပ်ရပ်မှန်ကန်မှသာ မိမိ၏ ဇနီမယား သမီး သားတွေက မိမိကို လေးစားယုံကြည်လာပါမယ်တဲ့။ ထိုမှသာ မိမိ အိမ်ထောင်စုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ပါမယ်တဲ့။ မိမိ အိမ်ထောင်စုကို နိုင်နင်းစွာ အုပ်ချုပ်လာနိုင်သူအတွက် အနည်းငယ်သော လူစုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်မှာပါတဲ့။ အနည်းငယ်သော လူစုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်သူမှသာ ရပ်ရွာ အေးချမ်းသာယာရေးကို နိုင်နင်းစွာ စီရင် နိုင်စွမ်းရှိလာမှာပါတဲ့။ ရပ်ရွာတစ်ခုကို နိုင်နင်းစွာ အုပ်ချုပ်နိုင်သူသည်သာ နယ်ပယ်တစ်ခုကို နိုင်နင်းစွာ အုပ်ချုပ် တရားစီရင်နိုင်မှာပါတဲ့။ ထိုမှ အင်ပါရာကြီးတစ်ခုလုံးအတွက် စည်ပင်ဝပြောလာအောင် နိုင်နင်းစွာအုပ်ချုပ်လာနိုင်မှာပါတဲ့”
ဒါက ဟိုးလွန်လေးပြီးသော နှစ်ပေါင်းများစွာက အတွေးအခေါ်ပညာရှင်ကြီးရဲ့ ဒသနပါ။ ကျွန်တော်တို့လဲ မျက်တောင်မွှေးတစ်ဆုံးကို မကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်ဖို့လိုအပ်ပါတယ်။ မိမိ မွေးမြူစောင့်ရှောက်လာတဲ့ သား သမီးဟာ နိုင်ငံအတွက် အဆိပ်ပင်တစ်ပင်ဖြစ်လာအောင် မြေတောင်မြှောက်မပေးကြဖို့ တိုက်တွန်းလိုပါတယ်။
သစ်တစ်ပင်ကောင်းရင် ငှက်တစ်သောင်းနားရပါတယ်။ သစ်ပင်မကောင်းခဲ့ရင် နားခိုစရာမရှိတဲ့ငှက်ကလေးတွေဟာ မျက်စေ့သူငယ် နားသူငယ်နှင့် ရောက်ရာအရပ်ကို ပျံသန်းရင်း တစ်ဝဲလည်လည်နဲ့ တစ်ပါးသူတို့ရဲ့ အနှိမ်ကို ခံရမှာပါ။ ထပ်ရေးလို့ မဖြစ်တော့လို့ ရပ်လိုက်ပါတယ်။ သတင်းတစ်ခုကို ဖတ်မိလို့ ရေးရင်း ရေးရင်း ဆက်ရေးရင် တောင်ရောက် မြောက်ရောက်နဲ့ မဆုံးနိုင်မှာ မို့လို့ပါ ဒီမှာဘဲ ရပ်လိုက်ပါရစေ။

No comments:

Post a Comment